ကလေးငယ်များကို မွေးကင်းစမှ ၆ လအတွင်းတွင် အခြားအစားအစာများ၊ ရေ သို့မဟုတ် နို့မှုန့်တိုက်ကျွေးခြင်းများ မလိုအပ်ဘဲ မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးခြင်းဖြင့် ကျန်းမာသန်စွမ်းပျော်ရွှင်ကာ ဉာဏ်ရည်ထက်မြက်သည့် ကလေးငယ်များဖြစ်လာအောင် ပျိုးထောင်နိုင်သည်ကို သိပ္ပံနည်းကျသက်သေထူနိုင်ခဲ့ပြီးဖြစ်ပါသည်။ မိခင်နို့တစ်မျိုးတည်းကသာလျှင် ကလေးငယ်တို့၏ ဘဝအစပထမ ၆လတွင် လိုအပ်သည့် အာဟာရပမာဏကို ပေးစွမ်းနိုင်ကြောင်း ကမ္ဘာတစ်ဝန်းရှိ ကျန်းမာရေးဆိုင်ရာ အသိအမှတ်ပြုအဖွဲ့အစည်းများမှ သဘောတူညီထားကြပြီး ဖြစ်ပါသည်။ မိခင်အသစ်များ၏ဘဝတွင် စိတ်ပျော်ရွှင်ကြည်နူးဖွယ်ရာများ သာမက စိုးရိမ်ကြောင့်ကြဖွယ် အခက်အခဲများစွာတို့ကိုပါ ကြုံတွေ့ကြရပါသည်။ ထိုကဲ့သို့ စိုးရိမ်ကြောင့်ကြဖွယ်ရာများ ကြုံတွေ့နေချိန်တွင် မှန်ကန်သည့် သတင်းအချက်အလက်နှင့် လုံလောက်သည့် ကူညီပံ့ပိုးမှုများ ရရှိနိုင်ပါက မိခင်များအနေဖြင့် စိတ်ဖိစီးမှုများမှ ကင်းဝေးနိုင်ကာ မိခင်နို့တစ်မျိုးတည်းကို အောင်အောင်မြင်မြင် တိုက်ကျွေးနိုင်မည် ဖြစ်ပါသည်။

မိခင်နို့တိုက်ကျွေးခြင်းနှင့်ပတ်သတ်သည့် လွဲမှားနေသည့် အယူအဆများအကြောင်းကို လူအများ ပိုမိုသိရှိနိုင်စေရန်အတွက် အာဟာရသိပ္ပံပညာပါရဂူ/အာဟာရဗေဒပညာရှင်နှင့် မိခင်နို့တိုက်ကျွေးခြင်းဆိုင်ရာ နိုင်ငံတကာအသိအမှတ်ပြု အကြံပေးပညာရှင် ဖြစ်သူ အန်တီ သဲလ်မာထွန်းသိန်း နှင့် တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။ အန်တီ သဲလ်မာထွန်းသိန်း၏ ဖြေကြားချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

လွဲမှားနေသည့် အယူအဆ ၁ – မိခင်အများစုသည် လုံလောက်သည့် မိခင်နို့ကို ထုတ်လုပ်နိုင်ခြင်းမရှိ ဟူ၍ လူအများက ထင်မှတ်ထားကြပါသည်။

အမှန်တော့ လုံလောက်တဲ့ မိခင်နို့ကို မထုတ်နိုင်တဲ့ မိခင်အရေအတွက်ဟာ လူအများထင်မှတ်ထားတဲ့ အရေအတွက်ထက် ပိုပြီးနည်းပါးပါတယ်။ ၁ ရာခိုင်နှုန်း ဒါမှမဟုတ်ရင် ၂ ရာခိုင်နှုန်းလောက်ပဲရှိတာပါ။ ပြောရရင် မိခင်တချို့ဟာ မှန်ကန်တဲ့နည်းလမ်းကို မသိတာကြောင့် မိခင်နို့ထွက်ဖို့ အခက်အခဲတွေ တွေ့ကြုံရတာပဲ ဖြစ်ပါတယ်။ မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးရေးက စိန်ခေါ်မှုတစ်ခုလို ဖြစ်နိုင်ပါတယ်။ မိခင်တွေအတွက် မိခင်နို့ရည်နည်းပါးရခြင်းရဲ့ အဓိကကျတဲ့ အကြောင်းအရင်းကတော့ မိခင်နို့ရည်ထုတ်လုပ်တဲ့ မိခင်နို့မှာ လှုံ့ဆော်မှုအားနည်းတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒီလိုအခြေအနေ ဖြစ်ရတာကတော့ မိခင်တွေဟာ ကလေးငယ်တွေကို လုံလောက်တဲ့ ပြုစုစောင့်ရှောက်မှုမရှိတာမျိုး ဒါမှမဟုတ် ကလေးငယ်က မိခင်နို့ကို ပုံမှန် မစို့တာတွေကြောင့်ပဲဖြစ်ပါတယ်။ ကျွန်မကတော့ အမြဲဆိုသလို မိခင်တွေနဲ့တွေ့တိုင်း မိခင်နို့တိုက်ကျွေးရာမှာ ကလေးငယ်တွေကို ဘယ်လိုမှန်ကန်တဲ့ ပွေ့ချီနည်းတွေနဲ့ ကိုင်တွယ်နိုင်ကြောင်းကို ပြပေးလေ့ရှိပါတယ်။ ဒါက သိပ်ကိုအရေးကြီးတယ်။ မိခင်တစ်ယောက်ရဲ့ မိခင်နို့တိုက်ကျွေးရေး ခရီးတစ်လျောက်မှာ အစတည်းက ကလေးငယ်ကို ကောင်းကောင်းမွန်မွန်နဲ့ မိခင်နို့ကို ရယူနိုင်အောင် ကူညီပေးခြင်းက မိခင်နို့ကောင်းကောင်း ထွက်နိုင်စေမှာဖြစ်ပါတယ်။ နောက်ပြီးတော့လည်း ကလေးငယ်ကို အချိန်ပိုပေးပြီး မိခင်နို့ကို ပုံမှန်တိုက်ကျွေးခြင်းဟာ မိခင်နို့ရည်ကို ထုတ်လုပ်ပေးနေတဲ့ မိခင်နို့ကို ပိုမိုလှုံ့ဆော်ပေးရာရောက်ပြီး နို့ရည်ပိုမိုထွက်ဖို့ကိုလည်း အထောက်အကူဖြစ်စေပါတယ်။ ကျွန်မနဲ့ တွေ့ဖြစ်နေတဲ့ မိခင်တစ်ယောက် ဖြစ်တဲ့ မနန်းအိမ်ညင် ဆိုရင် အရှေ့မှာပြောသွားတဲ့ နည်းလမ်းတွေကို အကုန်လုပ်ခဲ့တယ်။ ပြီးတော့ သူဟာ မိခင်နို့ကိုလည်း အောင်အောင်မြင်မြင်နဲ့ ထုတ်လုပ်နိုင်တာကို အံ့မခန်းတွေ့ရှိခဲ့ရပါတယ်။

လွဲမှားနေသည့် အယူအဆ ၂ – ကလေးငယ်များကို မိခင်နို့အပြင် ရေကိုပါ တိုက်ကျွေးဖို့ လိုအပ်သည်ဟူ၍ လူအများက ထင်မှတ်ထားကြပါသည်။

မိခင်နို့ရည်မှာ ကလေးငယ်အတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေ၊ ဗီတာမင်တွေနဲ့ သတ္တုဓာတ်တွေပါဝင်ပြီး ရေပါဝင်မှုက ၈၀ ရာခိုင်နှုန်းရှိတာကို သိပ္ပံနည်းကျတွေ့ရှိထားပြီးဖြစ်ပါတယ်။ ဒါကြောင့် ပူအိုက်တဲ့ရာသီမှာတောင် မိခင်နို့ရည်က ကလေးငယ်အတွက်လိုအပ်တဲ့ အာဟာရနဲ့ ရေဓာတ်ကို ပေးစွမ်းနိုင်ပါတယ်။ အခုချိန်မှာ ကလေးငယ်တွေကို ရေတိုက်ကျွေးမိရင် အန္တရာယ်ရှိတဲ့ ရောဂါပိုးမွှားတွေ ဝင်ရောက်ကာ ဝမ်းပျက်ဝမ်းလျှောနဲ့ အဖျားဝင်ဖို့အတွက် အခွင့်အလမ်း ပိုများနိုင်ပါတယ်။ နောက်ပြီး တစ်ဆက်တည်းမှာပဲ ကလေးငယ်ကို လျင်လျင်မြန်မြန် ဗိုက်ပြည့် သွားစေပြီး မိခင်နို့ကောင်းကောင်းတိုက်ကျွေးနိုင်ဖို့ အဟန့်အတား ဖြစ်စေမှာ ဖြစ်ပါတယ်။

လွဲမှားနေသည့် အယူအဆ ၃ – မိခင်နို့တိုက်ကျွေးခြင်းအားဖြင့် ကလေးငယ်အတွက် လိုအပ်သည့် အာဟာရကို ဖြည်ဆည်းပေးဖို့အတွက် အချိန်ရှည်ကြာလွန်းသည်။

မိခင်နို့တိုက်ကျွေးနေစဉ်မှာ မိခင်နို့ကနေ နို့ရည်ကို အဆက်အပြတ် ထုတ်လုပ်ပေးပါတယ်။ ပြီးတော့လည်း ကလေးငယ်ကို မိခင်နို့ အချိန်မှန်တိုက်ကျွေးခြင်းအလေ့အထက မိခင်နို့ိ ပိုမိုထုတ်လုပ် နိုင်ဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။ ဒီအလေ့အကျင့်က မိခင်နို့တိုက်ကျွေးဖို့အတွက် မိခင်နို့ရည်ပြန်လည်ပြည့်တင်းချိန် အချိန်အပိုင်းအခြားတစ်ခုရယ်လို့ စောင့်ဆိုင်းနေစရာ မလိုအပ် ကြောင်းကို ပြနေပါတယ်။ မကြာခင်က တွေ့ဆုံဖြစ်ခဲ့တဲ့ အမေဖြစ်သူ မအေးအေးဇော် က သူ့ရဲ့ သမီးကလေးအတွက် မိခင်နို့ကို အကြိမ်ရေများများ တိုက်ကျွေးဖြစ်ပြီး တစ်ရက်ကို ၆၀၀ စီစီ ကနေ
၇၀၀ စီစီ ထွက်ပါတယ်လို့ ပြောပြပါတယ်။ ဒါကများပြားတဲ့ပမာဏတစ်ခုပါပဲ။ မှန်ကန်တဲ့ မိခင်နို့တိုက်ကျွေးနည်းလမ်းကို ကောင်းကောင်းမွန်မွန် သိရှိနားလည်ထားပြီး၊ အဘက်ဘက်ကနေ ကူညီပံ့ပိုးပေးတဲ့ လူမှုအသိုင်းအဝိုင်းနဲ့ ယုံကြည်စိတ်ချရတဲ့ သတင်းအချက်အလက်တွေ ရှိထားမယ်ဆိုရင် မိခင်တစ်ယောက်အတွက် စိတ်ဖိစီးမှုကင်းဝေးစေပြီး မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးခြင်းကို ကောင်းကောင်းလုပ်နိုင်မှာ ဖြစ်ပါတယ်။

လွဲမှားနေသည့် အယူအဆ ၄ – မိခင်နို့ မကြာခဏ တိုက်ကျွေးခြင်းနှင့် ကလေးငယ်ကို အလွန်အကျွံချီပိုးခြင်းသည် ၎င်းကို မှီခိုတတ်သောသူဖြစ်စေသည်။

မွေးကင်းစကနေ ၆ လအထိ မကြာခဏ မိခင်နို့တိုက်ကျွေးခံရပြီး ချီပိုးခံရတဲ့ကလေးငယ်တွေဟာ သူတို့အတွက်လိုအပ်တဲ့ အကောင်းဆုံးအာဟာရကို ရရှိကြရုံသာမက စိတ်လုံခြုံမှုရရှိတတ်ကြကြောင်း လေ့လာဆန်းစစ်ချက်တွေအရသိရှိရပါတယ်။ အဲ့ဒီလိုကလေးငယ်တွေဟာ မိခင်တွေနဲ့ ပိုမိုကောင်းမွန်တဲ့ ရင်းနီးမှုတစ်ခုဖန်တီးနိုင်တာကြောင့် သူတို့ဘဝရဲ့ အနာဂတ်အတွက် ကောင်းမွန်တဲ့ လူမှုဆက်ဆံရေးပုံစံတွေကိုပါ တည်ဆောက်သွားနိုင်စေပါတယ်။ ဒီလိုမျိုး ပိုမိုကောင်းမွန်တဲ့ ရင်းနီးမှုတစ်ခုကို ဖန်တီးနိုင်ခြင်းဟာ မိခင်တွေအတွက် မိခင်နို့တိုက်ကျွေးရာမှာ ပိုမိုလွယ်ကူစေသလို ကလေးရဲ့ လိုအပ်ချက်တွေကိုလည်း ပိုပြီးအလွယ်တကူ နားလည်နိုင်စေမှာဖြစ်ပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းဟာ မိခင်နဲ့မွေးကင်းစကလေးငယ်တို့အကြား ပထမဦးဆုံးနဲ့ အားအကောင်းဆုံး ရင်းနှီးမှုတစ်ခုကို တည်ဆောက်နိုင်စေပါတယ်။ သေချာစဉ်းစားကြည့်ရင် အလွန့်အလွန်ကို ပီတိဖြစ်စရာပါပဲ။

လွဲမှားနေသည့် အယူအဆ ၅ – နို့တိုက်မိခင်များသည် အစားအစာ အလွန်ရွေးချယ်စားသုံးရမည်။

မိခင်တွေဟာ မိခင်နို့တိုက်ကျွေးနေချိန်မှာ အသား၊ ငါး၊ ကြက်သား၊ အသီးအနှံ၊ ဆန်အပါအဝင် သင့်တင့်မျှတတဲ့ အစားအသောက်ပုံစံနဲ့ စားသောက်ဖို့လိုအပ်ပါတယ်။ အဲ့ဒီလို အချိန်မျိုးမှာ လူနှစ်ဦးစာ စားရတာဖြစ်တာကြောင့် အစားအသောက်ပမာဏ သို့မဟုတ် အစားအသောက်အုပ်စုတွေကို ကန့်သတ်ထားခြင်းက မိခင်နို့ထွက်နည်းစေနိုင်ပါတယ်။ အဲဒီလိုကန့်သတ်ထားတာက မိခင်နို့ တိုက်ကျွေးနေချိန်မှာ မိခင်အနေနဲ့ အားအင်ပြန်လည်ဖြည့်ဆည်းနိုင်စွမ်းကိုလည်း ထိခိုက်စေပါတယ်။ ကျွန်မ ဆွေးနွေးပေးနေတဲ့ မိခင်တစ်ဦးဖြစ်တဲ့ မဇင်မာထွန်းဆိုရင် သိပ်ကိုအားကိုးရတဲ့ အမျိုးသားကို ပိုင်ဆိုင်ထားပါတယ်။ မိခင်နို့ထွက်ဖို့အတွက် သူအခက်အခဲရှိနေတယ်ဆိုရင် သူ့ခင်ပွန်းက နို့ထွက်ကောင်းစေမယ့် အစားအသောက်တွေအကြောင်း ရှာဖွေဖတ်ရှုပြီး ချက်ပြုတ်ကျွေးတတ်တယ်။ သိပ်ကို ချစ်ဖို့ကောင်းပါတယ်။ သူ့ခင်ပွန်းကိုယ်တိုင် ဈေးကိုသွား၊ ကျန်းမာရေးနဲ့ညီညွတ်မယ့် ချက်ပြုတ်စရာတွေကို ဝယ်ပြီး ချက်ပေးတတ်ပါတယ်။ ဖခင်တွေအနေနဲ့လည်း ကူညီပေးလို့ရပါတယ်။

အန်တီ သဲလ်မာထွန်းသိန်း အကြောင်း

အန်တီသဲလ်မာသည် ပြည်တွင်းပြည်ပမှ အစိုးရမဟုတ်သည့်အဖွဲ့အစည်းများနှင့် ဆေးရုံများတွင် မိခင်များ၏ အာဟာရသိပ္ပံပညာပါရဂူ/ အာဟာရဗေဒပညာရှင်နှင့် မိခင်နို့တိုက်ကျွေးခြင်းဆိုင်ရာနိုင်ငံတကာအသိအမှတ်ပြု အကြံပေးပညာရှင်အဖြစ် နှစ်ပေါင်း ၄၀ ကျော်ကြာ တက်ကြွစွာ ဆောင်ရွက်ခဲ့သူဖြစ်ပါသည်။ သူမသည် မိခင်နှင့် ဖခင်တို့အတွက် အထောက်အကူပြုမည့် မိခင်နို့တိုက်ကျွေးခြင်းနှင့် မွေးကင်းစ ကလေးငယ်အာဟာရဆိုင်ရာ အကြောင်းအရာများကို တင်ဆက်လျက်ရှိသည့် Maymay မိုလ်ဘိုင်းအက်ပလီကေးရှင်းတွင် အကြံပေးချက်များနှင့် ဆောင်းပါးများ နေ့စဉ်ရေးသားပေးလျက် ရှိသည်။ အန်တီသဲလ်မာသည် မကြာမီက မိတ်ဆက်ပေးခဲ့သည့် “မိခင်နို့မှတစ်ပါးအခြားမလို” ဆိုသည့် မိခင်နို့တိုက်ကျွေးရေးအတွက် အားပေးကူညီပံ့ပိုးရန်ရည်ရွယ်သည့် လူထုအသိပညာပေး လှုံ့ဆော်မှုအစီအစဉ်တွင် တစ်ဖက်တစ်လမ်းမှ ပါဝင်အားဖြည့်ထားပါသည်။ အဆိုပါ လှုံ့ဆော်မှု အစီအစဉ်အား Save the Children ၊ UNICEF ၊ Alive & Thrive ၊ GIZ ၊ 3MDG နှင့် LIFT တို့မှ ပူးပေါင်းအကောင်အထည်ဖော် စီစဉ်ခဲ့ပါသည်။