ချွေးထွက်များတဲ့သူတွေဟာ နေနည်းနည်းပူလာပြီဆိုတာနဲ့ နေလို့အဆင်မပြေတော့ပါဘူး။ နွေရာသီပဲဖြစ်ဖြစ် မိုးရာသီပဲဖြစ်ဖြစ် ဆောင်းတွင်းမှာပဲဖြစ်ဖြစ် ချွေးထွက်သန်တဲ့သူတွေကတော့ နည်းနည်းလေး လှုပ်ရှားသွားလာလိုက်ရင်ပဲ ချွေးတွေရွှဲသွားတတ်ပါတယ်။ ဒါ့ကြောင့် ချွေးထွက်များတဲ့သူတွေဟာ အေးတာကိုကြိုက်ကြပြီး အပူချိန်သင့်တော်တဲ့အနေအထားမှာပဲ နေချင်ကြတာမဆန်းပါဘူး။

အဓိကအားဖြင့်တော့ အမျိုးသားတွေဟာ အမျိုးသမီးတွေနဲ့ ယှဉ်ရင် ချွေးထွက်တဲ့ ဂရင်းပိုများကြပါတယ်။ ရာသီဥတုအပြောင်းအလဲကြောင့်လည်း ချွေးထွက်များစေပါတယ်။ ဥပမာ- ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ် စတဲ့ အအေးပိုင်း တောင်ပေါ် ဒေသတွေမှာနေထိုင်ကြသူတွေ မြေပြန့်ဒေသကို ဆင်းလာရင် ချွေးသံရွှဲရွှဲနဲ့ တွေ့ရလေ့ရှိပါတယ်။

ခန္ဓာကိုယ်မှာ အဆီများတဲ့သူတွေ၊ ဝတဲ့သူတွေဟာလည်း သာမန်လူတွေထက် ပိုပြီး ချွေးထွက်သန်ကြပါတယ်။  ချွေးထွက်သန်ပြီဆိုရင်တော့ ချွေးနံ့ဆိုးတွေဖြစ်ပေါ်လာတာမို့ လူကြားထဲသွားလာရတာ စိတ်အနှောင့်အယှက် ဖြစ်နေကြသူတွေအတွက် ရာသီမရွေး နေထိုင်လို့ အဆင်ပြေမယ့် နည်းလမ်းကောင်းလေးတွေကို မျှဝေပေးပါမယ်။

ပေါင်ဒါသုံးမယ်

ချွေးထွက်များတဲ့သူတွေအနေနဲ့ ပေါင်ဒါကို သုံးပေးသင့်ပါတယ်။ အေးတဲ့ ပေါင်ဒါကိုသုံးပါ။ ပေါင်ဒါဟာ ခန္ဓာကိုယ်ပေါ်က ချွေးတွေကို စုပ်ယူနိုင်စွမ်းရှိပြီး ချွေးထွက်သန်တဲ့သူအတွက် ကောင်းမွန်ပါတယ်။

အင်္ကျီအရောင် ဖျော့ဖျော့နဲ့ ချွေးစုပ်တဲ့ အင်္ကျီဝတ်ပါ

အင်္ကျီအရောင် ဖျော့တာတွေဟာ သင့်ကို အေးအေးလေးဖြစ်စေပါတယ်။ ချွေးစိုပြီးရင်လည်း အခြောက်မြန်စေတာကြောင့် သင့်ကို သက်သောင့်သက်သာဖြစ်စေမှာပါ။ ဒါ့ကြောင့် ပေါ့ပေါ့ပါးပါးနဲ့ ချွေးစုပ်တဲ့ အင်္ကျီမျိုးကို ဝတ်ဆင်ပါ။

လူနေမှုပုံစံနဲ့ အစားသောက်ကို ဂရုစိုက်ပါ

အင်္ကျ ီအဝတ်အစား ထူထူတွေ၊ ချွေးထွက်များစေတဲ့ အဝတ်အစားတွေကို ရှောင်ပါ။ အသားတွေ၊ အဆီတွေများများ စားသုံးတာကိုရှောင်ပါ။ အသီးအနံများများစားပါ။ ချွေးထွက်သန်ပြီး ချွေးနံ့နံတဲ့သူတွေအနေနဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ စတဲ့ အနံ့ထွက်စေတဲ့ အစားသောက်တွေကို လျှော့စားပေးသင့်ပါတယ်။

ရေခဲသုံးပါ

ချွေးထွက်များတဲ့သူ၊ အဆီပြန်တတ်တဲ့သူတွေဟာ အရေးပြား ဓာတ်မတည့်တာတွေ ဖြစ်လေ့ဖြစ်ထရှိပြီး မျက်လုံးမို့အစ်အစ်ကြီးဖြစ်တာမျိုးတွေ၊ အရေပြားယားယံတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် တစ်ရှုး (သို့) ပုဝါဆောင်ပြီး ချွေးခဏခဏ သုတ်ပေးပါ။ အိမ်ရောက်ရင် မျက်နှာပေါ်ကချွေးတွေနဲ့ အဆီပိုတွေကို ဖယ်ရှားနိုင်ဖို့  မျက်နှာကို ရေခဲနဲ့ပွတ်ပေးတာမျိုးလုပ်နိုင်ပါတယ်။

ရေဓာတ်ဖြည့်တင်းပါ

ချွေးထွက်သန်တဲ့သူတွေအနေနဲ့ ရေများများသောက်ပေးသင့်ပါတယ်။ ရေဓာတ်ဖြည့်တင်းထားတာဟာ ကျန်းမာရေးအတွက်လည်းကောင်းမွန်သလို ချွေးထွက်သန်တဲ့သူတွေအတွက်လည်း ကောင်းမွန်ပါတယ်။