ခန္ဓာကိုယ်မှာအဆီပိုတွေ ကင်းရှင်းနေတာမျိုးကို ပျိုမေတိုင်းကပိုင်ဆိုင်ချင်ကြပါတယ်။ အဆီကျစေဖို့ လေ့ကျင့်ခန်းတွေလုပ်နေစရာမလိုပဲ ရေနွေးကြမ်းကိုပုံမှန်သောက်ပေးရင် ခန္ဓာကိုယ်ထဲမှာရှိတဲ့အဆိပ်အတောက်တွေကို ပြေလျော့စေပြီး အဆီတွေကိုလည်းကျစေတယ်လို့ သိရပါတယ်။ ဒါပေမယ့် ရေနွေးကြမ်းကိုသောက်တဲ့အခါမှာ ပိုပြီးတော့ ထိရောက်မှုရှိစေမယ့်အချိန်မျိုးကို ရွေးပြီးတော့သောက်မယ်ဆိုရင် ရလဒ်ကလည်း ပိုပြီးသိသာစေတာပေါ့။

ဝိတ်လျော့ဖို့အတွက် ရေနွေးကြမ်းကိုသောက်မယ်ဆိုရင်လည်း မှန်ကန်တဲ့နည်းလမ်းနဲ့ သောက်ပေးမှလည်း ကျန်းမာရေးဆိုးကျိုးတွေကို မခံစားရစေမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျန်းမာရေးဗဟုသုတအနေနဲ့ရော ဝိတ်ကျစေဖို့အတွက်ပါ ဖော်ပြပေးလိုက်ပါတယ်။

ရေနွေးကြမ်းကို မသောက်သင့်တဲ့အချိန်တွေကတော့ မနက်ပိုင်း ဘာအစားမှမစားရသေးတဲ့အချိန်မျိုးတွေမှာ မသောက်သင့်ပါဘူး။ အစားစားနေရင်းနဲ့လည်း ရေနွေးကြမ်းသောက်တာကို ရှောင်ကျဉ်သင့်ပါတယ်။ တစ်နေ့ကို ရေနွေးကြမ်း ၃ ခွက်ထက်ပိုပြီးတော့ မသောက်သင့်ပါဘူး။ မသောက်သင့်တဲ့အချိန်တွေကို ပြောပြပြီးပြီဆိုတော့ ဝိတ်လျော့ဖို့အတွက် ရေနွေးကြမ်းသောက်သင့်တဲ့အချိန်တွေကို ဖော်ပြပေးလိုက်ပါတယ်။

ဝိတ်လျော့ဖို့အတွက် ရေနွေးကြမ်းကိုသောက်မယ်ဆိုရင် အကောင်းဆုံးအချိန်ကတော့ အိပ်ရာမဝင်ခင် ၂ နာရီလောက်အလိုမှာ သောက်တာကအကောင်းဆုံးပါပဲ။ ညအိပ်ရာမဝင်ခင် ရေနွေးကြမ်းသောက်တာက သင်အိပ်နေတဲ့အချိန်မှာ သင့်ကိုယ်အလေးချိန်ကို လျော့ကျဖို့အတွက် ကောင်းကောင်းအကူအညီပေးနိုင်ပါတယ်။ ဒါပေမယ့်တစ်ခုသိထားသင့်တာက ရေနွေးကြမ်းမှာပါတဲ့ ကဖင်းဓာတ်က အိပ်ပျော်မှုကို အနှောက်အယှက် ဖြစ်စေတာကြောင့် အိပ်ခါနီးမှာ ရေနွေးကြမ်းသောက်တာမျိုးကို ရှောင်ပြီး အိပ်တဲ့အချိန်နဲ့ခွာပြီး သောက်သင့်ပါတယ်။

လေ့ကျင့်ခန်းလုပ်ပြီးလို့ တစ်နာရီခွဲလောက်ကြာပြီးသွားတဲ့အချိန်မှာ ရေနွေးကြမ်းကို သောက်ပေးမယ်ဆိုရင်လည်း ဝိတ်ကျစေဖို့အတွက် ကောင်းကောင်းအထောက်အကူပြုပါတယ်။

တော်တော်များများလုပ်မိတာကတော့ ထမင်းစားပြီးသွားတဲ့အချိန်မှာ ရေနွေးကိုသောက်ကြပါတယ်။ ထမင်းစားပြီးခါစအချိန်မှာ ရေနွေးကြမ်း သောက်တာက ရေနွေးကြမ်းထဲမှာပါဝင်နေတဲ့ ကဖင်းဓာတ်က စားလိုက်တဲ့ထဲမှာပါသွားတဲ့ အာဟာရဓာတ်တွေကို စုပ်ယူလိုက်မှာပဲဖြစ်ပါတယ်။ ဒီတော့ စားသလောက်အာဟာရမဖြစ်တာမျိုးတွေ ဖြစ်စေတာကြောင့် ရေနွေးကြမ်းကို စားပြီး ၄၅ မိနစ်လောက်ကြာမှ သောက်ပေးမယ်ဆိုရင်တော့ ခန္ဓာကိုယ်မှာ မလိုအပ်တဲ့အဆီတွေကိုလည်း ချေဖျက်ပေးနိုင်မှာပဲဖြစ်ပါတယ်။