ကလေးငယ်လေးတွေမှာ ဝမ်းချုပ်တဲ့ပြဿနာကို ကြုံတွေ့နေရပြီဆိုရင် ဒီတိုင်းထားလိုက်လို့မဖြစ်သေးပါဘူး။ လူကြီးတွေတောင်မှ ဝမ်းချုပ်နေရင် ခံစားရခက်တာ ကလေးတွေဆိုရင်ပိုပြီးတော့ ခံရခက်စေတာပေါ့။ တကယ်လို့ အိမ်ကကလေးတစ်ယောက်ယောက် ဝမ်းချုပ်နေတာမျိုးကို မကြာခဏကြုံတွေ့နေရပြီဆိုရင် ဒီလိုနည်းလမ်းလေးတွေနဲ့ ဖြေရှင်းကြည့်လို့ရပါတယ်။

အမျှင်ဓာတ်ကြွယ်ဝတဲ့အစားစားတွေ

ဝမ်းပုံမှန်သွားနိုင်ဖို့အတွက်ဆိုရင် အမ ျှင်ဓာတ်ကြွယ်ဝတဲ့အစားစာတွေကို ပုံမှန်ကျွေးပေးဖို့လိုပါတယ်။ အမျှင်ဓာတ်ကြွယ်ဝတဲ့အစားစာတွေက အစာချေစနစ်ကိုကောင်းမွန်စေပြီး ဝမ်းသွားဖို့အတွက်လည်း လွယ်ကူချောမွေ့စေပါတယ်။ လိမ္မော်သီး၊ ပန်းသီး၊ မုန်လာဥနီနဲ့ သင်္ဘောသီးတွေက ဝမ်းကောင်းကောင်းသွားနိုင်ဖို့ အများကြီးကူညီပေးနိုင်ပါတယ်နော်။

ရေများများသောက်ခိုင်းပေးပါ

ရေများများသောက်ပေးတာကလည်း ဝမ်းသွားစေဖို့အထောက်အကူဖြစ်စေနိုင်ပါတယ်။ ခန္ဓာကိုယ်မှာ ရေဓာတ်နည်းနေရင်လည်း ဝမ်းချုပ်စေတာကြောင့် ရေများများသောက်နိုင်ဖို့ ဘေးကနေကူညီပေးရပါလိမ့်မယ်။ ရေသောက်ရမှာကို ပျင်းတတ်တဲ့ကလေးမျိုးဆိုရင်တော့ ရေထဲကိုအသီးအနှံလေးတွေ ထည့်ပြီးတော့တိုက်တာက ပိုပြီးတော့ထိရောက်မှုရှိစေပါလိမ့်မယ်။

ဗိုက်ကိုနှိပ်နယ်ပေးပါ

ဗိုက်အောင့်ပြီး ဝမ်းသွားဖို့ခက်ခဲနေမယ်ဆိုရင်တော့ အုန်းဆီကိုသွားတိုက်ဆေးအနည်းငယ်နဲ့ ရောပြီးဗိုက်မှာပွတ်တိုက်ပြီး ဖြည်းဖြည်းချင်းနှိပ်ပြီး လိမ်းပေးတာမျိုးကလည်း တကယ်ထိရောက်မှုရှိစေပါတယ်။ ဒီနည်းလမ်းလေးက ရှေးလူကြီးတွေလည်း သုံးစွဲလာတဲ့နည်းလမ်းလေးဖြစ်ပြီး ဗိုက်အောင့်တာတွေကိုလည်း သက်သာစေပါတယ်။

ကိုယ်လက်လှုပ်ရှားမှုလေးရှိအောင်

ကလေးငယ်လေးတွေကို နေ့စဉ်နေ့တိုင်းကိုယ်လက်လှုပ်ရှားမှုလေး လုပ်နိုင်ဖို့ကူညီပေးသင့်ပါတယ်။ နေ့စဉ်နေ့တိုင်းမှာ ကလေးကို ကိုယ်လက်လှုပ်ရှားမှုလေးဖြစ်အောင် စက်ဘီးစီးခိုင်းတာ၊ ရေကူးခိုင်းတာ၊ လမ်းလျှောက်ခိုင်းမယ် စတာတွေကိုလုပ်ခိုင်းပေးမယ်ဆိုရင် ဝမ်းသွားဖို့ကိုလည်း လွယ်ကူစေမှာပါ။

ဒီနည်းလမ်းလေးတွေက တကယ်ကိုထိရောက်မှုရှိပြီး သင့်ကလေးငယ်ကိုလည်း ဝမ်းချုပ်လို့ခံစားနေရတဲ့ ခံစားမှုတွေကို လျော့နည်းသက်သာ သွားစေမှာပဲဖြစ်ပါတယ်။