မနက်စာက လူတစ်ယောက်အတွက် အရေးအကြီးဆုံးပါဘဲ။ မနက်စာ ပုံမှန် မစားသူက ဦးနှောက်ထိခိုက်နိုင်သလို၊ အာရုံစိုက်လို့မရတာ၊ ဒေါသထွက်တာ၊ စိတ်မတည်ငြိမ်တာနဲ့ တခြား ကျန်းမာရေးဆိုးကျိုးတွေအများကြီးရှိပါတယ်။

ဒါ့ကြောင့် မနက်စာအဖြစ် စားသုံးပေးသင့်တဲ့ အစားအစာများကို ဝေမျှချင်ပါတယ်။

Almond Butter

ကြက်ဥ သို့ နို့ထွက်ပစ္စည်းတွေကို မကြိုက်သူဖြစ်ပါသလား။ ဒါဆိုရင်တော့ ပရိုတင်းဓာတ် ရရှိဖို့အတွက် Almond Butter ကို စားသုံးသင့်ပါတယ်။ သူ့မှာ ခန္ဓာကိုယ်အတွက် ကောင်းတဲ့ အဆီတစ်မျိုးဖြစ်တဲ့ Monounsaturated Fat ပါဝင်ပါတယ်။

Almond Butter ကို ပေါင်မုန့်မှာ သုတ်ပြီး စားလိုက်အရသာရှိပြီး အာဟာရ ပြည့်ဝတဲ့ မနက်စာကို ရရှိမှာပါ။

ဖရဲသီး

မနက်ခင်းမှာ ရေဓာတ်ပြည့်ဝဖို့ကလည်း လိုအပ်ပါတယ်။ ဒါ့ကြောင့် အရည်ရွှမ်းတဲ့ အသီးအနှံဖြစ်တဲ့ ဖရဲသီးကို စားသုံးပေးသင့်ပါတယ်။ ဖရဲသီးမှာပါဝင်တဲ့ Lycopene ဆိုတဲ့ဓာတ်က အမြင်အာရုံ၊ နှလုံး ကျန်းမာရေးအတွက် ကောင်းမွန်ပြီး ကင်ဆာရောဂါကိုတောင် ကာကွယ်ပေးနိုင်ပါတယ်။

ဘလူးဘယ်ရီသီး (Blueberries)


လတ်ဆတ်တဲ့ သို့ အေးခဲနေတဲ့ ဘလူးဘယ်ရီသီး တွေမှာ Antioxidants ဓာတ်တွေအများကြီး ပါဝင်နေပါတယ်။ Blueberries သီးတွေကို ပုံမှန်စားပေးရင် မှတ်ဉာဏ်တွေကို ကောင်းစေပြီး သွေးတိုးကို ထိန်းချုပ်ပေးကာ ဇီဝကမ္မဖြစ်စဉ်ကိုလည်း အထောက်အကူပြုပါတယ်။

ကယ်လိုရီပါဝင်မှုလည်း နည်းတာကြောင့် Cereal မှာ တွဲစားတာဘဲဖြစ်ဖြစ်၊ အုတ်ဂျုံ (Oatmeal) ထဲထည့်စားတာဘဲဖြစ်ဖြစ် စားသုံးနိုင်ပါတယ်။

စတော်ဘယ်ရီသီး

စတော်ဘယ်ရီသီးရဲ့ ကျန်းမာရေး ကောင်းကျိုးများ

စတော်ဘယ်ရီ ရာသီရောက်တာနဲ့အတော်ပါဘဲ။ စတော်ဘယ်ရီသီးကိုလည်း မနက်စာမှာ ထည့်သွင်း စားသုံးသင့်တယ်နော်။

သူတို့မှာ Antioxidants ဓာတ်တွေ ကြွယ်ဝစွာပါဝင်တဲ့အပြင် ကယ်လိုရီလည်းပါဝင်မှုနည်းပါတယ်။ စတော်ဘယ်ရီသီး တစ်ခွက်စာမှာ ခန္ဓာကိုယ်အတွက်နေ့စဉ် လိုအပ်တဲ့ ဗီတာမင်စီတွေ လုံလောက်စွာပါဝင်တဲ့အပြင် Folic အက်ဆစ်နဲ့ အမျှင်ဓာတ်တွေလည်း အများကြီးပါဝင်ပါတယ်။

ကီဝီသီး


ဒီလို ကီဝီသီး သေးသေးလေးမှာ ဗီတာမင် စီ 65 Milligrams ပါဝင်ပြီး လိမ္မော်သီးထက်တောင် များပါတယ်။ သူ့မှာ ပိုတက်ဆီယမ်၊ ကော့ပါး နဲ့အမျှင်ဓာတ်တွေကလည်း ငှက်ပျောသီးထက် ပိုပြီး ပါဝင်ပါတယ်။

ဒါ့ကြောင့် အစာခြေစနစ်ကို ထောက်ပံ့ပေးနိုင်ပါတယ်။