ကိုယ်ဝန်ဆောင်နေစဉ်တလျှောက်လုံး ခန္ဓာကိုယ်ဟာ အချိန်ပြည့် ရေဓာတ်ပြည့်နေဖို့လိုအပ်ပါတယ်။ သန့်စင်ပြီးသားရေကတော့ အကောင်းဆုံးရွေးချယ်စရာတစ်ခုဖြစ်သော်လည်း ချိုမြိန်ပြီးမပြင်းရှသော အရသာနှင့်အုန်းရည်ကိုသောက်သုံးပေးခြင်းက အင်မတန်အကျိုးပြုနိုင်ပါတယ်။

တကယ်တမ်းတော့ ကိုယ်ဝန်သည်အမျိုးသမီးများဟာ တနေ့လျှင် အုန်းရည်စစ်စစ်ကို တစ်ခွက် သို့မဟုတ် နှစ်ခွက် သောက်သုံးပေးသည့် အလေ့အကျင့်ကို မွေးမြူသင့်ပါတယ်။ (သံဘူးထဲမှအုန်းရည်များမှလွဲ၍) လတ်ဆတ်သောအုန်းရည်သည် မိခင်အတွက်သာမက မွေးဖွားလာမည့် ကလေးငယ်အတွက်ပါ အင်မတန်ကောင်းမွန်ပါတယ်။

အာဟာရဓာတ်မျိုးစုံ ပေါများကြွယ်ဝစွာပါဝင်ပြီး ဘေးထွက်ဆိုးကျိုးလည်းမရှိတာကြောင့် ကော်ဖီနှင့်ဂတ်စ်ပါအအေးတို့ကို သောက်သုံးခြင်းထက် အုန်းရည်ကပိုမို၍ သင့်တော်မှုရှိပါတယ်။

၁။ ဝမ်းချုပ်မှုကိုကာကွယ်ပေးခြင်း

ကိုယ်ဝန်ဆောင်နေစဉ်အချိန်မှာ အဖြစ်များတတ်တဲ့ ဝမ်းချုပ်မှုကို အုန်းရည်တွင်ပါဝင်တဲ့ ဖိုက်ဘာကကူညီပေးမှာဖြစ်ပါတယ်။

၂။ ရင်ပူတာကိုသက်သာစေခြင်း

ဝမ်းချုပ်ခြင်းနည်းတူ ရင်ပူခြင်းသည်လည်း ကိုယ်ဝန်ဆောင်သည်များတွင် အဖြစ်များတတ်ကာ ကိုယ်ဝန်ဆောင်နေချိန် ဆေးများသောက်သုံးတာက ကလေးအပေါ်သက်ရောက်မှုရှိနိုင်တာကြောင့် အုန်းရည်ကို အစားထိုးသောက်သုံးပေးနိုင်ပါတယ်။

၃။ သွက်လက်တက်ကြွစေခြင်း

အေးမြလန်းဆန်းသောအရသာကို ပေးစွမ်းနိုင်သည့် အုန်းရေသည် ခန္ဓာကိုယ်၏ဇီဝဖြစ်စဉ်ကိုမြှင့်တင်ပေးပြီး သိုင်းရွိုက်အလုပ်လုပ်မှုကို နိုးကြားတက်ကြွစေသောကြောင့် စွမ်းအင်ကိုပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။

၄။ ရေဓာတ်ကုန်ခန်းမှုကိုကာကွယ်ပေးခြင်း

ဝမ်းကြီးနာဆွဲခြင်းနှင့်ပျို့အန်ခြင်းတို့ကြောင့် ကိုယ်ဝန်ဆောင်သည်များတွင် ရေဓာတ်ကုန်ခန်းမှုအဖြစ်များတတ်ပါတယ်။ အုန်းရည်တွင် ကျန်းမာရေးနှင့်ညီညွတ်သည့် အမီနိုအက်စစ်နှင့် အခြားအန်ဇိုင်းများ ပါဝင်တာကြောင့် ရေဓာတ်ကုန်ခမ်းမှုနှင့် မောပန်းမှုတို့ကို တိုက်ထုတ်ရာတွင် ကူညီပေးပါတယ်။

၅။ ပိုတက်ဆီယမ်ဖြည့်ဆည်းပေးခြင်း

အုန်းရည်တွင်ပိုတက်ဆီယမ်ပါဝင်တာကြောင့် ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ခြေထောက်ကြွက်တက်ခြင်းနှင့် သွေးရည်ကြည်များစုပုံလာခြင်းတို့မှ ကာကွယ်ပေးပါတယ်။

၆။ မဂ္ဂနီဆီယမ်နှင့်ကယ်လ်စီယမ်ထောက်ပံ့ပေးခြင်း

အုန်းရည်မှတဆင့် မဂ္ဂနီဆီယမ်နှင့်ကယ်လ်စီယမ်တို့ကို ရရှိနိုင်ပြီး ကလေးရဲ့သွားနှင့်အရိုးကို ကျန်းမာသန်စွမ်းစေပြီး စွမ်းအင်ထုတ်လုပ်မှုကိုလည်း ဖြည့်တင်းပေးပါတယ်။

၇။ သွေးပေါင်ချိန်ကိုထိန်းချုပ်ပေးခြင်း

ပိုတက်ဆီယမ်နှင့် မဂ္ဂနီဆီယမ်တို့ပါဝင်တာကြောင့် အုန်းရည်ကိုမှန်မှန်သောက်သုံးပေးမယ်ဆိုရင် သွေးပေါင်ချိန်ကို ထိန်းချုပ်ပေးမှာဖြစ်ပါတယ်။

၈။ ဆီးလမ်းကြောင်းပိုးဝင်မှုကို ဟန့်တားပေးခြင်း

အုန်းရည်သည် သဘာဝအလျောက်ဆီးရွှင်စေသည့် အရည်တစ်မျိုးဖြစ်တာကြောင့် ဆီးလမ်းကြောင်းပိုးဝင်မှုကို တားဆီးပေးပါတယ်။ ဆီးအတွက်သာမက ကျောက်ကပ်ကိုလည်းကျန်းမာစေပြီး ကျောက်ကပ်ကျောက်တည်ခြင်းမှ ကာကွယ်ပေးပါတယ်။ သို့သော်လည်း အများအပြားမသောက်သုံးမိတော့ သတိပေးချင်ပါတယ်။