သင့်တင့်လျောက်ပတ်သောအိပ်စက်မှုသည် နေ့ခင်းအချိန်တွင် သင့်ကိုနိုးကြားတက်ကြွမှုရှိစေကာ အာရုံစူးစိုက်မှုပိုမိုကောင်းလာစေပါတယ်။ ထို့အပြင် အိပ်ချိန်လုံလုံလောက်လောက်ရှိခြင်းသည် သင့်အား အဝလွန်ခြင်း၊ ဆီးချိုရောဂါ၊ နှလုံးရောဂါနှင့် အရွယ်မတိုင်ခင် သေဆုံးခြင်း စသည်တို့ဖြစ်ပွားခြင်းမှ ကာကွယ်တိုက်ထုတ်ပေးပါတယ်။

သို့သော်ငြားလည်း သင့်ရဲ့အချိန်မှန်သမျှကို နာရီပေါင်းများစွာ အိပ်စက်ခြင်းအပေါ်ကုန်ဆုံးရမယ်လို့ မဆိုလိုပါဘူး။ အိပ်ရေး၀၀ အိပ်စက်ရန် လိုအပ်တာ မှန်သော်လည်း အလွန်အကျွံအိပ်စက်မိသည့်အခါမှာတော့ သင့်ကျန်းမာရေးကိုထိခိုက်လာစေနိုင်ပါတယ်။ ထို့ကြောင့် သင့်ထံတွင် မည်ကဲ့သို့ ဆိုးကျိုးများ ဖြစ်ပွားလာစေနိုင်သလဲဆိုတာကို သိရှိစေနိုင်ရန် ဖော်ပြပေးလိုက်ရပါတယ်။

၁။ နှလုံးဆိုင်ရာပြဿနာများဖြစ်ပေါ်လာနိုင်ခြင်း

အလွန်အကျွံအိပ်စက်မိသည့်အခါ သင့်နှလုံးဟာဝေဒနာခံစားလာရသည့်အတွက် နှလုံးရောဂါဖြစ်ပွားနိုင်ခြေ မြင့်တက်လာနိုင်ပါတယ်။ အချိန်ကြာကြာအိပ်စက်သည့်အခါ နှလုံး၏အောက်ပိုင်းဘယ်ဖက်အခြမ်း ဖိအားမြင့်တက်လာသောကြောင့် နှလုံးမှာပိုမိုထူထဲလာပြီး နှလုံးအမောဖောမှုဖြစ်နိုင်ချေကို မြင့်တက်လာစေပါတယ်။

၂။ အဝလွန်ခြင်း

နာရီပေါင်များစွာအိပ်စက်သည့်အခါမှာ ထိုအတိုင်းအတာအတွင်း ကိုယ်လက်လှုပ်ရှားမှုမရှိသောကြောင့် ကယ်လိုရီလောင်ကျွမ်းမှုပမာဏမှာလည်း လျော့နည်းသွားသည့်အတွက် ကိုယ်အလေးချိန်တက်လာနိုင်ပါတယ်။

၃။ ဆီးချိုရောဂါဖြစ်ပွားနိုင်မှုကိုမြင့်တက်စေခြင်း

ကိုယ်ခန္ဓာလှုပ်ရှားခြင်းဖြင့် ဆီးချိုရောဂါဖြစ်ပွားမှုကိုလျော့ချနိုင်သော်လည်း အချိန်ကြာမြင့်စွာအိပ်စက်လိုက်သောကြောင့် သွားလာလှုပ်ရှားချိန်နည်းပါးသွားပါတယ်။ ထို့အပြင် ငုတ်တုတ်ထိုင်၍အလုပ်လုပ်ခြင်းနှင့် အဝလွန်မှုတို့သည်လည်း ဆီးချိုရောဂါကိုဖြစ်ပေါ်လာစေနိုင်ပါတယ်။

၄။ သင့်အားညိုးငယ်ထိုင်းမှိုင်းစေခြင်း

ပုံမှန်အချိန်ထက်ကြာရှည်စွာ အိပ်စက်ခြင်းသည် သင့်ရဲ့စိတ်နေစိတ်ထားအပေါ်သက်ရောက်နိုင်ကာ စိတ်အားငယ်ခြင်း၊ စိတ်ဓာတ်ကျခြင်းတို့ကို ဖြစ်ပေါ်စေပါတယ်။ ကိုယ်လက်လှုပ်ရှားနေခြင်းသည် ဗျာများရသည့်အခြေအနေများမှ အာရုံပြောင်းစေမှာဖြစ်ပါတယ်။

၅။ ဦးနှောက်ကိုထိခိုက်စေခြင်း

လိုသည်ထက်ပိုမိုအိပ်စက်ခြင်းသည် ဦးနှောက်စွမ်းရည်အပေါ်သက်ရောက်နိုင်ပြီး ဦးနှောက်ကိုပိုမိုလျင်မြန်စွာ အိုမင်းရင့်ရော်စေပါတယ်။

၆။ ခေါင်းကိုက်စေခြင်း

နေ့အချိန်တွင်အလွန်အကျွံအိပ်စက်သူများသည် ညဖက်အခါအိပ်မရတော့သည့်အတွက် နောက်တနေ့မနက်တွင် ခေါင်းကိုက်ခဲခြင်း၊ မူးဝေခြင်းကိုဖြစ်စေနိုင်ပါတယ်။

၇။ နောက်ကျောဖက်နာကျင်ခြင်း

ရုံးထဲတွင် နာရီပေါင်းမြောက်မြားစွာ ထိုင်၍အလုပ်လုပ်ပြီးနောက် အိမ်ရောက်သည်နှင့် နောက်တစ်နေ့မနက်အထိ မထတော့ဘဲ အိပ်ရာဝင်ခြင်းသည် နောက်ကျောဖက်နာကျင်မှုဖြစ်ပေါ်ဖို့ အလားအလာများပါတယ်။