တိုးတက်လာတဲ့ခေတ်ကြီးထဲမှာ နေထိုင်နေကြတယ်ဆိုပေမယ့် ဒီတိုးတက်မှုတွေကို ကောင်းကောင်းအသုံးချရင်တော့ အကျိုးကျေးဇူးတွေရနိုင်ပေမယ့် ဆင်ခြင်မှုနည်းပြီးဆုံးဖြတ်တာတွေကြောင့် ကျန်းမာရေးထိခိုက်မှုတွေလည်း ရှိလာနိုင်ပါတယ်။ အခုနောက်ပိုင်းမှာ ဘယ်နေရာကိုပဲ ကြည့်လိုက် ကြည့်လိုက် ဖုန်းကိုလက်ထဲကနေ မချတဲ့သူတွေကိုပဲ တွေ့နေရတတ်ပါတယ်။

ဒါက ကောင်းတဲ့အချက်မဟုတ်သလို ကျန်းမာရေးအတွက်ဆိုရင်လည်း တော်တော်ကိုဆိုးကျိုးတွေများလာနိုင်တဲ့အရာတစ်ခုပါ။

ကိုယ်ခံအားစနစ်ကို လျော့ကျလာစေပါတယ်

သင့်ရဲ့လက်ကိုင်ဖုန်းမှာ ဘက်တီးရီးယားတွေကလည်း များစွာရှိနေတာကြောင့် သင့်ခန္ဓာကိုယ်မှာ ဘက်တီးရီးယားတွေလည်းကူးစက်နိုင်တာကြောင့် ရောဂါဖြစ်နိုင်ချေတွေကိုလည်း များပြားစေပါတယ်။ ဖုန်းတစ်လုံးမှာရှိနေတဲ့ ဘက်တီးရီးယားတွေက သန့်စင်ခန်းထဲမှာရှိနေတဲ့ ဘက်တီးရီးယားတွေထက် ပိုများတယ်လို့လည်း လေ့လာသူတွေက ဖော်ပြပေးထားပါတယ်။

ပေါင်းသင်းဆက်ဆံရေးတွေကိုလည်း ထိခိုက်လာစေနိုင်ပါတယ်

ဖုန်းတစ်လုံးပေါ်မှာပဲ အာရုံရောက်နေတဲ့အခါမှာ ဘေးပတ်ဝန်းကျင်မှာလည်းအာရုံမရနိုင်တော့ပဲ ပေါင်းသင်းဆက်ဆံရေးညံ့တာတွေကိုလည်း ဖြစ်လာစေနိုင်ပါတယ်။ အပေါင်းသင်းတွေနဲ့ တူတူထိုင်နေတဲ့အချိန်တွေမှာ ဖုန်းတွေကိုသုံးနေမယ်ဆိုရင်လည်း တစ်ယောက်ကိုတစ်ယောက် စကားကောင်းကောင်းမပြောမိတော့ပဲ အပေါင်းအသင်းတွေကြားထဲမှာလည်း သွေးအေးတာတွေကိုခံစားရစေမှာပဲဖြစ်ပါတယ်။

ဇက်ကြောတက်တာတွေကိုလည်း ခံစားရစေပါတယ်

ဖုန်းတွေကိုပဲအကြာကြီး အသုံးပြုနေတဲ့အခါမှာလည်း ဇက်ကြောတက်တဲ့ဝေဒနာတွေကိုလည်း ခံစားရစေတယ်ဆိုတာ မထူးဆန်းတော့ပါဘူး။ ဖုန်းမှာပဲအချိန်အကြာကြီး အာရုံစိုက်နေတဲ့အခါမှာ ခေါင်းကိုက်တာတွေ၊ ဇက်ကြောတက်တာတွေ၊ ပခုံးနဲ့ကျောတွေနာကျင်ကိုက်ခဲတာတွေကို ခံစားရမှာပဲဖြစ်ပါတယ်။

အကြားအာရုံတွေကိုလည်း ယို့ယွင်းလာစေပါတယ်

လေ့လာစမ်းသပ်ချက်တွေအရ ဖုန်းတွေကိုအသုံးပြုတာ လေးနှစ်ကျော်တဲ့သူတွေနဲ့ တစ်နေ့မှာ တစ်နာရီလောက်ဖုန်းပြောနေတဲ့သူတွေမှာ အကြားအာရုံဆုံးရှုံးမှုတွေ ပိုပြီးအဖြစ်များတာကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။

အမြင်အာရုံကိုလည်း ယို့ယွင်းလာစေပါတယ်

ဖုန်းတွေကိုနေ့တိုင်း အချိန်တွေအကြာကြီးကြည့်တဲ့အခါမှာ မျက်စိအားနည်းတာတွေကို ဖြစ်လာစေပြီး ခေါင်းကိုက်တာတွေ၊ ဇက်ကြောတက်တာတွေနဲ့ မျက်စိကျိန်းစပ်တာတွေကိုဖြစ်စေပြီး မျက်မှန်တပ်ရလောက်တဲ့ထိပါ အမြင်အာရုံတွေကို ဆိုးရွားစေပါတယ်။ ဒါကြောင့် ကွန်ပျူတာတွေ ဖုန်းတွေကို အချိန်အကြာကြီး ကြည့်တော့မယ်ဆိုရင် မျက်မှန်လေးတပ်ပြီးတော့ ကြည့်မယ်ဆိုရင်တော့ မျက်စိကျန်းမာရေးအတွက်လည်း အကာအကွယ် ဖြစ်ပြီးသားဖြစ်နေမှာပါ။