ရာသီထိန်တာ ရာသီမလာတာ ရောဂါ မဟုတ်ပါ။ ရောဂါလက္ခဏာတခုသာ ဖြစ်တယ်။ ရာသီမလာစေတဲ့ အခြေခံ တခုခုရှိမယ်။ ရာသီမလာခြင်း (၂) မျိုးရှိတယ်။

၁။ Primary Amenorrhea မွေးကတည်းက ရာသီမလာတာ နဲ့

၂။ Secondary amenorrhea အရင်ကလာဘူးပြီး နောက်မှာမလာတာ၊

၁။ မွေးကတည်းက ရာသီတခါမှ မလာသေးခြင်း

မိန်းကလေးတယောက် အရွယ်ရောက်ချိန် ဖြစ်ပါရက်နဲ့ ၁၆ နှစ်သမီးလောက်အထိ ရာသီတခါမှ မလာတာကို ခေါ်တယ်။ အပျိုဖြစ်နောက်ကျတာ ဖြစ်နိုင်တယ်။ လူကသိပ်ပိန်နေသူတွေ၊ အားကစား ပြင်းပြင်းထံထံ လုပ်သူတွေ၊ ငယ်ငယ်ကတည်းက (ဘဲလေး)၊ (မာရသွန်)၊ ဂျွမ်းဘားကစားတဲ့ မိန်းကလေးတွေမှာ ရာသီလာတာ နောက်ကျတတ်တယ်။

အဲဒါတွေ မဟုတ်ရင် ရောဂါတခုခုကို စဉ်းစားရမယ်။

  • မွေးရာပါ မျိုးပွါးအင်္ဂါတွေ ချို့ယွင်းနေတာ၊ ဥပမာ သားအိမ် မပါတာ၊ ဗဂျိုင်းနား မပါတာ၊ Vaginal septum ဗဂျိုင်းနား အခန်း ၂ ကန့်ဖြစ်နေတာ နဲ့ Imperforate hymen အပျိုမှေး ပိတ်နေတာ။
  • Hypothalamic Problems and Pituitary Disease ဦးနှောက်ထဲက (ပစ်ကျူထရီ) အကျိတ်ရောဂါ၊ (ဟိုက်ပိုသဲလ်မတ်စ်) ရောဂါ၊
  • Ovulation Abnormality မျိုးဥထွက်စေမဲ့ (ခရိုမိုဇုမ်း) တွေက ပုံမှန်မဟုတ်တာ၊

  • အဝလွန်တာ၊ လည်ပင်းကြီးနဲ့ဆိုင်တဲ့ (Hypothyroidism ဟော်မုန်းနည်းတာ၊ Hyperthyroidism ဟော်မုန်းများတာ)။
  • Turner’s syndrome လိင် (ခရိုမိုဇုမ်း) ရောဂါဖြစ်နေတာ၊ (ခေါင်းကိုက်၊ နို့ရည်ထွက်၊ လူက ပိုဝလာ၊ ဝက်ခြံပေါက်၊ လိင်စိတ်ပြောင်းလဲ၊ စကားသံ နိမ့်လာ၊ မျက်နှာမှာ အမွေး ပိုပေါက်၊ မျက်စိကြည့်ရ မကောင်း ဖြစ်လာတာတွေရှိမယ်။)

၂။ အရင်က လာပြီးနောက်မှ ရာသီမလာခြင်း

  • ကိုယ်ဝန်ကို အရင်ဆုံးစဉ်းစားရမယ်။
  • သွေးဆုံးချိန်စောတာလည်း ထည့်တွက်ရမယ်။
  • တချို့ သန္ဓေတားဆေး-တားနည်းတွေက ရပ်လိုက်ပေမဲ့ ၃-၆ လ အထိ ရာသီ ပြန်မလာတာ ဖြစ်တတ်တယ်။
  • Busulfan, Chemotherapy, Chlorambucil, Cyclophosphamide, Phenothiazines ဆေးတွေကြောင့်လဲ ဖြစ်နိုင်တယ်။
  • ဘဝလူနေမှုပုံစံကြောင့် ဖြစ်နိုင်တာတွေလည်း ရှိတယ်။

– စိတ်ဖိအားများနေချိန်၊ စိတ်ဓါတ်ကျနေချိန်၊ ကလေးနို့တိုက်နေချိန်၊

– ကိုယ်လက် လှုတ်ရှားမှု သိပ်များနေသူ။ နာတာရှည် ရောဂါတခုခု ခံစားနေရသူ၊

– အစာအာဟာရ ချို့တဲ့သူ၊ အဆီ 15% – 17% body ထက်နည်းနေသူ၊

– ချက်ချင်း ပိန်ကျသွားသူတွေမှာ ပိုဖြစ်လာနိုင်တယ်။

အခြေခံရောဂါရှိသူတွေဆိုရင် –

  1. Ovary မျိုးဥအိမ်ကြောင့် ၄ဝ%၊ Polycystic ovary syndrome (PCOS) မျိုးဥအိမ်မှာ အကျိတ်လေးတွေ ရှိနေတဲ့ရောဂါ၊ (လူဝမယ်၊ ကိုယ်မွှေးတွေပိုပေါက်မယ်၊ ဝက်ခြံထွက်မယ်၊)။
  2. Hypothalamus (ဟိုက်ပိုသဲလမတ်စ်) ကြောင့် ၃၅%၊
  3. Pituitary (ပစ်ကျူထရီ) ကြောင့် ၁၉%၊
  4. Uterus သားအိမ်ကြောင့် ၅%၊ Uterine scarring (Asherman’s syndrome) ကိုယ်ဝန်ပျက်-ဖျက်လို့ သားအိမ်ခြစ်ရာကနေ သားအိမ်ထဲ အမာရွတ်၊
  5. တခြားအကြောင်းတွေကြောင့် ၁% ဖြစ်တာတွေ့ရတယ်။

ဆေးစစ်တဲ့အခါ ရောဂါရာဇဝင်မေးတယ်၊ အထွေထွေစစ်ဆေးတာ၊ လိင်အင်္ဂါနေရာတွေ စစ်ဆေးတာ လုပ်တယ်။

  • Pregnancy test ကိုယ်ဝန်ရှိ-မရှိ စစ်သင့်တယ်။
  • Blood tests သွေးထဲက ဟော်မုန်းအခြေအနေတွေကို စစ်မယ်။ Estradiol, Follicle stimulating hormone (FSH), Luteinizing hormone (LH), Prolactin, Testosterone နဲ့ Progesterone Challenge Test (Provera) စစ်နည်းနဲ့ (ပရိုဂျက်စတီရုမ်း) အခြေအနေကို စစ်မယ်။
  • Thyroid function test လည်ပင်းကြီးဟော်မုန်း အခြေအနေတွေကိုလည်း စစ်မယ်။ (TSH) များနေရင် Hypothyroidism ဟော်မုန်းနည်းရောဂါ ဖြစ်နေမယ်၊
  • Ovary function test မျိုးဥအိမ်အလုပ် စစ်ဆေးခြင်း၊
  • Pelvic ultrasound တင်ပါးဆုံနေရာကို (အာလ်ထွာဆောင်း) ရိုက်မယ်။ CT scan of the head, MRI of the head ဦးခေါင်းကိုရိုက်တာတွေ၊ Endometrial biopsy သားအိမ်အတွင်းသားစ ထုတ်ပြီးစစ်ဆေးတာ၊ Hysteroscopy သားအိမ်ထဲကို ကရိယာနဲ့ကြည့်တာနဲ့ Genetic testing မျိုးဗီဇစစ်တာတွေလဲ လိုရင်စစ်မယ်။

ရာသီလာမမှန်တာ အမျိုးသမီး ၃ဝ% လောက်မှာ ဖြစ်တယ်။ ရာသီ မမှန်ဘူးဆိုယုံနဲ့မပြီးပါ။ ရာသီမလာတာ၊ စောတာ၊ နောက်ကျတာ၊ နည်းတာ၊ များတာတွေ အားလုံးကို မမှန်စာရင်း သွင်းတယ်။ ရာသီမှန်ဘို့ရာ Estrogen နဲ့ Progesterone ဟော်မုန်းတွေ မှန်ရမယ်။ ဦးနှောက်ထဲက (ဟိုက်ပိုသဲလ်မတ်စ်)၊ (ပစ်ကျူထရီဂလင်း) နဲ့ မ-မျိုးဥအိမ်အင်္ဂါတွေ ကောင်းနေရမယ်။

ရေရှည်မှာ နောက်ဆက်တွဲ ဖြစ်နိုင်တာတွေကတော့ ကလေးမရနိုင်တာ နဲ့ Osteoporosis အရိုး အားနည်းတာတွေ ဖြစ်တယ်။ ဆေးကုနည်းတွေ အမျိုးမျိုးရှိတယ်။ ဘာလို့ရာသီမလာသလဲသိရင် ကုသပေးနိုင်တယ်။

ရောဂါအဆန်းအပြားတွေ ထည့်ရေးရပေမဲ့ အများဆုံးဖြစ်တာတွေကို ရွေးထုတ်ပါမယ်။

  1. ကိုယ်ဝန်ရှိခြင်း၊
  2. စိတ်ဖိအား များခြင်း၊
  3. အစားအသောက် နည်းလွန်းခြင်း၊
  4. ကိုယ်လက်လေ့ကျင့်ခန်း များလွန်းခြင်း၊
  5. အပျိုဖြစ်စကာလ၊
  6. သွေးဆုံးစောခြင်း နဲ့
  7. ဟော်မုန်းပါ တားဆေးတွေ ဖြစ်တယ်။

အလွယ်ကုသနည်းတွေကတော့ –

  • လူနေမှု အကြောင်းခံတွေကို အရင်ပြင်ပါ။ ကိုယ်ဝန်ရှိ-မရှိစစ်ပါ။ အစာအာဟာရ မျှတ လုံလောက်အောင် စားသုံးပါ။ ကိုယ်လက်လှုပ်ရှားမှု အတင့်တင့်အောင်သာ လုပ်ပါ။ စိတ်ဖိအားတွေ စနစ်တကျ လျှော့ချပါ။
  • တကယ်လို့ (တက်စတိုစတီရုန်း) ကျား-ဟော်မုန်း များနေသူဆိုရင် ဟော်မုန်း အစားထိုးကုသနည်း လုပ်ရမယ်။
  • Inflammatory Bowel Disease အစာလမ်းရောဂါတခုနဲ့လဲ ရာသီမမှန်တာက ဆက်စပ်နေတတ်တယ်။ လူက ပိန်လာတယ်၊ ဗိုက်နာမယ်၊ ဝမ်းပျက်မယ်။
  • ဟော်မုန်းပါ ကိုယ်ဝန်တားဆေးသုံးပါ။ Estrogen နဲ့ Progesterone ဟော်မုန်း ၂ မျိုးတွဲကို သုံးရမယ်။ အမေရိကားမှာ ၁့၅ သန်းသော အမျိုးသမီးတွေက တားဆေးကို ကိုယ်ဝန်တားဘို့ မဟုတ်တာအတွက် သုံးနေကြတယ်။ ရာသီလာချိန် နာတာသက်သာဘို့၊ ဝက်ခြံပေါက်တာ သက်သာဘို့၊ ရာသီလ-ရက် မှန်ဘို့အတွက် သုံးကြတာ ဖြစ်တယ်။ Hirsutism ဟော်မုန်းရောဂါ၊ ရာသီလာချိန်မှာ (မိုင်ဂရင်း) ခေါင်းမူးရောဂါ ဖြစ်တတ်တာ နဲ့ Fibroids သားအိမ်အကျိတ် ရောဂါတွေအတွက်လဲ ပေးတယ်။ တားဆေးကို အပျိုတွေသုံးပေမဲ့ အပျိုရည် မပျက်စေပါ။ ကိုယ်နံ့ကိုလဲ မပြောင်းစေပါ။ Pheromones (ဖီရိုမုန်း) ထုတ်မပေးလို့ လိင်ဆွဲဆောင်မှုကိုလဲ မကဲစေပါ။ လိင်စိတ်ပိုတာလဲ မဖြစ်ပါ။
  • Polycystic Ovary Syndrome က မျိုးဥအိမ်မှာ အကျိတ်ကလေးတွေရှိနေတာ အဖြစ်မနည်းလှပါ။ စာတပုဒ် ရေးထားပါတယ်။