ဒီအချိန်ဆို နာနတ်သီးပေါ်တဲ့ရာသီမို့ နာနတ်သီးလေးတွေ နေရာအနှံ့လိုလို ရောင်းချနေတာတွေ့ရပါတယ်။ နာနတ်သီးဟာ အရသာရှိပြီး အဟာရဓာတ်ပြည့်ဝစွာပါဝင်လို့ လူကြိုက်များတဲ့အသီးတစ်မျိုးပါ။ နာနတ်သီးမှာပါဝင်တဲ့ ကျန်းမာရေးနဲ့ ဆေးဖက်ဆိုင်ရာအကျိုးကျေးဇူးတွေက အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးကိုကောင်းမွန်စေသလို၊ ချောင်းဆိုးခြင်း၊ အအေးမိခြင်းကိုလည်း သက်သာစေပါတယ်။

အစာချေစနစ်ကိုကောင်းမွန်စေပြီး ချိုပေမယ့် ဝိတ်မတက်စေတဲ့အသီးပါ။ အရိုးကိုသန်မာစေသလို ခံတွင်းကျန်းမာရေးအတွက်လည်း ကောင်းမွန်တယ်လို့ ဆိုပါတယ်။ နာနတ်သီးစားပေးခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို မျှဝေပေးရမယ်ဆိုရင်တော့

ကိုယ်ခံအားစနစ်

နာနတ်သီးတစ်လုံးမှာ လူတစ်ယောက်အတွက် တစ်နေ့တာလုံးမှာလိုအပ်တဲ့ ဗီတာမင် C ပမာဏကြွယ်ဝစွာပါဝင်ပါတယ်။ ကိုယ်ခံအားစနစ်ကို မြင့်တင်ပေးလို့ သင့်ကို ကျန်းမာသန်စွမ်းစေပါတယ်။

ကင်ဆာကာကွယ်ပေးခြင်း

နာနတ်သီးမှာ ဗီတာမင်A, Beta Carotene, Bromelain စတဲ့ Antioxidant တွေကြွယ်ဝစွာပါဝင်ပြီး မဂ္ဂနီဆီယမ်ဓါတ်လည်းကြွယ်ဝစွာပါဝင်လို့ ကင်ဆာရောဂါဖြစ်ပွားမှုကို ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။ အထူးသဖြင့် ခံတွင်းကင်ဆာ၊ လည်ချောင်းကင်ဆာနဲ့ ရင်သားကင်ဆာဖြစ်ပွားမှုကို ကာကွယ်ပေးပါတယ်။

အစာချေစနစ်

အမျှင်ဓာတ်တွေကြွယ်ဝစွာပါဝင်လို့  အစာချေစနစ်ကိုကောင်းမွန်စေပါတယ်။ ဒါ့ကြောင့် နာနတ်သီးကိုစားပေးမယ်ဆိုရင် ဝမ်းချုပ်တာ၊ ဝမ်းလျှောတာ ကိုကာကွယ်ပေးပါတယ်။ အူလမ်းကြောင်းကိုကျန်းမာစေပြီး သွေးဖိအားကိုလည်း ထိန်းထားပေးနိုင်ပါတယ်။

အရိုးကျန်းမာရေး

ကယ်လ်ဆီယမ်ဓာတ်ကြွယ်ဝစွာပါဝင်လို့  အရိုးကို ကျန်းမာကြံ့ခိုင်စေပါတယ်။

ခံတွင်းကျန်းမာရေး

Antioxidant Compound ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပြီး ခံတွင်းကို သန့်စင်ပေးလို့ ခံတွင်းရောဂါအမျိုးမျိးမှ ကင်းဝေးစေပါတယ်။ သွားဖုံးကိုလည်း ခိုင်ခံ့စေပါတယ်။

မျက်လုံးကျန်းမာရေး

အမြင်အာရုံဆိုတာ ကျွန်မတို့ လူသားတွေရဲ့ အရေးကြီးဆုံး အင်္ဂ ါအစိတ်အပိုင်းတ်စခုပါပဲ။ နာနတ်သီးဟာ အမြင်အာရုံကိုကောင်းမွန်စေပြီး အသက်ကြီးလို့ဖြစ်လာတဲ့ အမြင်အာရုံေ၀ဝါးမှုကို နှောင့်နှေးစေပါတယ်။ Beta Carotene ပါဝင်လို့ အမြင်အာရုံဆိုင်ရာ ပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

သွေးဖိအား

နာနတ်သီးမှာ ပိုတက်ဆီယမ်ကြွယ်ဝစွာပါဝင်လို့ သွေးဖိအားများတဲ့သူတွေ စားပေးနိုင်တဲ့အသီးပါပဲ။ သွေးလည်ပတ်မှုကိုကောင်းမွန်စေပြီး သွေးကြောလေးတွေကို သက်သောင့်သက်သာဖြစ်စေပါတယ်။

သိထားရမယ့်အချက်လေးတွေ

နာနတ်သီးကိုစားမယ်ဆိုရင်တော့ ယားတတ်တဲ့အဆူးလေးတွေကို သေချာဖယ်ပြီး ဆားနဲ့ အပြင်ပိုင်းကို လူးပေးပြီးစားပေးမယ်ဆိုရင် လျှာယားတာကိုလည်း သက်သာစေပါတယ်။ အလွန်အကျွံစားရင် လျှာလောင်တာမျိုးဖြစ်စေလို့ တချို့ အရမ်း sensitive ဖြစ်တတ်တဲ့သူတွေ လျှော့စားပေးပါ။ ကိုယ်ဝန်ရှိတဲ့အမျိုးသမီးတွေကတောာ့ နာနတ်သီးကိုရှောင်သင့်ပါတယ်။ Bromelain ပါဝင်မှုမြင့်မားလို့ အခန့်မတင့်ရင် ကိုယ်ဝန်ကိုထိစေနိုင်ပါတယ်။ အလွန်အကျွံစားရင် ခေါင်းကိုက်တာ ပျို့အန်တာ၊ ဝမ်းလျှောတာမျိုးဖြစ်စေလို့ အလွန်အကျွံမစားပါနဲ့နော်။