လူတိုင်း အိုလာရင် ဇာတာသက်သာမက အပိုတွေ တိုးလာတာတွေ များလှတယ်။ ဒါတွေထဲမယ် လူမြင်ရာ ကိုယ်ပေါ်မှာ အညိုစက်၊ အနက်ပျောက်တွေလဲ ပါတယ်။ ဒါ့ကြောင့် Age Spot လို့ခေါ်ကြပါတယ်။ Liver Spots လို့ပါ ခေါ်သေးတယ်။ “အသဲ-အသက် အစက်” တွေပေါ့။ အသဲရောဂါနဲ့တော့ ဘာမှမဆိုင်ပါ။ အရောင် ဆင်တာတော့ ရှိတာပေါ့။ ဒီလိုသာ ခေါ်ကြကြေးဆိုရင် (ခရုသင်း) ကို Brain Spots လို့ ခေါ်ပါလား။

ဘယ်အရာမဆို စက္ကန့်မလတ် ပြောင်းလဲနေတယ် မဟုတ်လား။ အသစ်တိုးလာမယ်၊ အိုင်မင်းလာမယ်။ ပျက်စီးလာမယ်။ နေရောင်ထဲက ခရမ်းလွန်ရောင်ခြည်ကိုပါ တရားခံ ရှာနိုင်ပါတယ်။ အသက် ၄ဝ ဆိုတာ အသန်ဆုံးအရွယ်လို့ သတ်မှတ်သူတွေ ရှိတယ်။ ဒီအသက်က ကျော်လာရင်တော့ အရေပြား (ဆဲလ်) တွေ အသစ်ပြန်ဖြစ်တာက နှေးလာတယ်။

ဒီအစက်တွေက ဘာမှ ဝတ်ဆင်-ဖုံးအုပ်မထားရာ နေရာတွေမှာသာ များတယ်။ ပြားချပ်နေတယ်။ အနား သတ်သတ် မှတ်မှတ် ရှိတယ်။ တလက္မရဲ့ ရှစ်ပုံတပုံ ကနေ တလက္မလောက်အထိ ရှိတယ်။ ပုံသဏ္ဌာန်က အမျိုးမျိုး။

အရပ်သုံး ပြောရမလား၊ ကြော်ညာတွေ ပြောရမလား ဆေးနည်းတွေ ရှိတယ်။

  • Cabbage မုံလာထုပ်ကိုအရည်လုပ်ပြီးလိမ်းပါ။ Raw Carrot မုံလာဥနီ အစိမ်း စားပါတဲ့။
  • Potato Paste အာလူးကို ပြစ်ချွဲအောင်လုပ်ပြီး လိမ်းပါတဲ့။
  • Tomato Smash ခရမ်းချည်သီးကို ချေပြီး လိမ်းပါတဲ့။
  • Turmeric Powder နနွင်းမှုံ့နဲ့ သုံပုရာရည်ရော လိမ်းပါတဲ့။
  • Fresh Turmeric လတ်ဆတ်တဲ့ နနွင်းနဲ့ Neem တမာရွက်ကို ရောချေပြီး လိမ်းပါတဲ့။
  • နွားနို့အစိမ်းနဲ့ ဆားနဲနဲရောလိမ်းပါတဲ့။
  • Sandalwood Oil နံ့သာဆီနဲ့ Olive Oil သံလွင်ဆီ ရောလိမ်းပါတဲ့။
  • Olay Total Effects 7 in 1 Anti-Aging Moisturizer ကြော်ညာတာ ရှိပါတယ်။

ဒီလို အစက်-အပျောက်တွေက ဘာအန္တရာယ်မှ မပေးပါ။ ကင်ဆာကို မဖြစ်စေပါ။ ဆေးစာမှာ “ကင်ဆာ မဟုတ်သော အသစ်ဖြစ်ပွါးခြင်း အုပ်စု” ထဲမှာ ထည့်ထားတယ်။ ဆရာဝန်တွေကိုလာ ပူဆာရင်တော့ Electrosurgery, Laser, Cryotherapy နည်းတမျိုးမျိုးနဲ့ လုပ်ပေးပါမယ်။ ပြန်ဖြစ်သူတွေကို High-Protection Sunscreen Lotion (SPF 15 or greater) နဲ့ ကုရတယ်။

အသက်ရလာချိန် အသက်ကြောင့် ဖြစ်တာကို သက်သာ-ပျောက်ကင်းချင်စိတ်ဟာ တဖက်က ကြည့်ရင် ကောင်းပါတယ်။ နုပျို-သစ်လွင်ခြင်စိတ်ဟာ တက်ကြွ-လန်းဆန်းတာပါ။ စိတ်ပျိုရင် ကိုယ်လဲ နုတယ် မဟုတ်ပါလား။