တစ်ကိုယ်ရေသန့်ရှင်းရေးလို့ပြောလိုက်တာနဲ့ နေ့စဉ်လုပ်နေကြဖြစ်တဲ့ ပုံမှန်မျက်နှာသစ်၊ သွားတိုက် နဲ့ ရေပုံမှန်ချိုးရင်ရပြီဆိုတဲ့ အတွေးမျိုးတော့ ဖြစ်မှာပါ။ အသေးစိတ်ဖြစ်တဲ့အရာတွေကိုတော့ သင့်ရဲ့တစ်နေ့တာမှာကျော်လိုက်တာ ဒါမှမဟုတ် မလိုအပ်ဘူးလို့ ယူဆကောင်း ယူဆပါလိမ့်မယ်။

တစ်ကိုယ်ရေသန့်ရှင်းရေးအနေနဲ့ လုပ်သင့်တဲ့ အလေ့အထတွေကတော့ လက်ကိုနေတိုင်းပုံမှန်ဆေးတတ်တာမျိုး ၊ သွားကိုပုံမှန်တိုက်ပြီး သွားကြားထဲမှာ ညှပ်တတ်တဲ့ အစာတွေကို ရှင်းပေးတာမျိုး၊ ရေကိုပုံမှန် ချိုးပေးတာမျိုးအပြင် ခန္ဓာကိုယ်အတွက် အတွင်းအပြင် အနံ့အသက် ကင်းစင်အောင် လိုအပ်တဲ့ အမွှေးအကြိုင်တွေသုံးတာမျိုး စတဲ့နည်းလမ်းတွေဖြင့် ဘက်တီးရီးယားတွေ ဗိုင်းရပ်စ်တွေဘေးမှ လွတ်ကင်းပြီး ကျန်းမာတဲ့ဘဝကို ပိုင်ဆိုင်စေမှာ ဖြစ်ပါတယ်။

တစ်ကိုယ်ရေသန့်ရှင်းရေးဟာ လူတစ်ယောက်အတွက် ဘယ်လောက်အရေးပါသလဲဆိုရင်တော့ လူအများနဲ့ဆက်ဆံတဲ့အခါ ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိစေမှာဖြစ်ပါတယ်။ ဘယ်သူမဆို သန့်သန့်ပြန့်ပြန့်နေတတ်တဲ့သူကိုဆို အထင်ကြီးလေးစားတတ်ကြပါတယ်။ ဆံပင်ဖရိုဖရဲနဲ့ မသပ်မရပ်နေတတ်သူ၊ အင်္ကျီအဝတ်အစားကို သန့်သန့်ရှင်းရှင်းမဝတ်တတ်သူ၊ ခန္ဓာကိုယ်အနံ့ပြင်းသူ၊ ပါးစပ်အနံ့အသက်မကောင်းတဲ့သူ ဒီလိုလူမျိုးတွေဆို လူတိုင်းဟာ မခေါ်မပြော မဆက်ဆံချင်ကြပါဘူး။

ဒီလိုတွေမဖြစ်စေရအောင် သင့်တကိုယ်ရေသန့်ရှင်းဖို့အတွက် လိုအပ်တဲ့ အခြေခံအလေ့အထလေးတွေကို ပြောပြပေးချင်ပါတယ်။

ရေပုံမှန်ချိုးပေးပါ။

သင့်ခန္ဓာကိုယ်ကိုပဲမဟုတ်ပါဘူး။ ဆံပင်တွေကိုလည်း ပုံမှန်သန့်စင်ပေးဖို့လိုပါတယ်။ နေတိုင်းနှစ်ခါ သုံးခါရေချိုး ခေါင်းလျှော်နေဖို့ ပြောတာမဟုတ်ပါဘူး။ သင့်အတွက် အဆင်ပြေသလို ဘယ်နှစ်ရက်တစ်ကြိမ်ခေါင်းလျှော်မလဲ၊ ပုံမှန်ဘယ်အချိန်ရေချိုးမလဲ စသဖြင့်သတ်မှတ်ပြီး တစ်ကိုယ်ရေသန့်ရှင်းအောင် ထားပေးပါ။

လက်သည်း ခြေသည်း ပုံမှန် ညှပ်ပေးပါ။

လက်သည်း ခြေသည်းကိုပုံမှန်တိပေးပါ။ သေချာလေးပုံသွင်းပြီး ကြည့်ကောင်းအောင် အမြဲ တိတိပေးမယ်ဆိုရင်တော့ လက်သည်း ခြေသည်းတွေကနေ တစ်ဆင့်ဖြစ်တတ်တဲ့ မှိုတွေ၊ ဘက်တီးရီးယား ကူးစက်မှုတွေ မဖြစ်တော့ဘူးပေါ့။

သွားပုံမှန်တိုက်ပြီး ညပ်နေတတ်တဲ့ အစာတွေကိုရှင်းပေးပါ။

ဖြစ်သင့်တာက အစားစားပြီးတိုင်း သွားကိုတိုက်ပေးသင့်ပါတယ်။ ဒီလိုမလုပ်နိုင်ရင်တော့ အနည်းဆုံး တစ်နေ့နှစ်ကြိမ်လောက် ပုံမှန် သွားတိုက်သင့်တဲ့ အပြင် သွားကြားထိုးတဲ့ အပ်ခြည်တံနဲ့ ညပ်နေတဲ့ အစာတွေကိုရှင်းပေးတဲ့ အလေ့အကျင့်လေးကို လုပ်ပေးဖို့လိုအပ်ပါတယ်။ ပုံမှန်တိုက်ပေးရင်တော့ Gum Disease လို့ခေါ်တဲ့ ရောဂါပိုးတွေနဲ့ သွားနဲ့ပတ်သက်တဲ့ ဒုက္ခပေးတတ်တဲ့အခြေအနေတွေမှ ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

လက်ကိုပုံမှန်ဆေးပေးပါ။

အစားမစားခင်နဲ့ စားပြီးတိုင်းမှာ လက်ကိုသန့်စင်သင့်တဲ့အပြင် သန့်စင်ခန်း အိမ်သာသွားပြီးတိုင်းလည်း လက်ကို ဆေးပေးဖို့လိုအပ်သလို အမှိုက်တွေ ဖုန်တွေကိုင်မိတဲ့အခါ၊ လက်နဲ့အုပ်ပြီး နှာချေ ချောင်းဆိုးတဲ့အခါမျိုးတွေမှာဆို ဘက်တီးရီးယားတွေ ဗိုင်းရပ်စ်တွေ မပြန့်အောင် ကာကွယ်ပေးသင့်ပါတယ်။ လက်သန့်ဆေးရည်လိုမျိုး ကျန်းမာရေးအတွက် အထောက်အကူဖြစ်မယ့် ပစ္စည်းတွေကိုလည်း ချက်ချင်းလက်ဆေးဖို့ မအားတဲ့အခါတွေမှာ အသုံးပြုနိုင်အောင် ဆောင်ထားသင့်ပါတယ်။

လူတစ်ယောက် ကိုယ့်ကိုကိုယ် ဂရုစိုက်တယ်ဆိုတာဟာ အပေါ်မှာပြောခဲ့တဲ့ အသေးစိတ်လေးတွေကအစ နေ့စဉ်သတိထားပြီး လုပ်ပေးသင့်ပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းပြီး ကျန်းမာတဲ့ဘဝနေထိုင်မှုကို ပိုင်ဆိုင်ရဖို့အတွက်ဆိုရင် ပုံမှန်အားစိုက်ထုတ်ပြီး သပ်သပ်ရပ်ရပ်နေတတ်အောင် အရင်ကျင့်ယူ ရမှာဖြစ်ပါတယ်။