ရောဂါတစ်ခုစတင်တဲ့အခါ သင့်ရဲ့ခန္ဓာကိုယ်က အရင်ဉီးဆုံး လက္ခဏာတွေပြတတ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် လက္ခဏာပြပုံချင်းမတူကြပေမယ့် တစ်ခါတစ်လေ အသားယားတာတွေ ၊ အဖုအပိမ့်ဖြစ်တာတွေ ၊ ခြေထောက်ရောင်တာတွေက ရောဂါရဲ့လက္ခဏာအစတွေပါပဲ။ ဒီလိုလက္ခဏာတွေကို လျစ်လျူရှုဖူးတယ်ဆိုရင် ဒီပို့စ်က သင့်အတွက်ပါ။
အခုပြောပြမယ့် လက္ခဏာတွေက အသက်အန္တရာယ်ရှိတဲ့အခြေအနေဖြစ်နိုင်ခြေကို ညွှန်ပြနိုင်တာမလို့ ဒီလက္ခဏာတွေထဲကတစ်ခုခုကို ခံစားရပြီဆိုရင် ဆေးကုသမှုကို ချက်ချင်းခံယူဖို့ လိုပါတယ်။
ရင်ဘတ်အောင့်တာ ဒါမှမဟုတ် နောက်ကျောအပေါ်ပိုင်းအထိ နာကျင်မှုခံစားနေရပြီဆိုရင် ဒါဟာ နှလုံးဖောက်ပြန်တဲ့ လက္ခဏာတွေဖြစ်ပြီး ဆေးကုသမှု ချက်ချင်းခံယူဖို့ လိုအပ်ပါတယ်။
အသက်မရှူနိုင်သလို အဆုတ်ထဲမှာ လေလုံမလောက်လို့ အသက်ရှူရခက်ခဲတာကို ခံစားရပြီဆိုရင် ဒါဟာ အဆုတ်ရောင် ၊ ပန်းနာရင်ကျပ်နဲ့ အဆုတ်အတွင်း သွေးခဲခြင်းအပါအဝင် အန္တရာယ်ရှိတဲ့ အခြေအနေဖြစ်နိုင်တာမလို့ မပေါ့ဆသင့်ပါဘူး။
မခံရပ်နိုင်အောင် ပြင်းပြင်းထန်ထန်ခေါင်းကိုက်တာ ဒါမှမဟုတ် ဘဝမှာအဆိုးရွားဆုံးခေါင်းကိုက်လာတဲ့အခါ ဒီလို လက္ခဏာတွေက အာရုံကြောဆိုင်ရာ လက္ခဏာများဖြစ်ပြီး လေဖြတ်တာ ၊ ဉီးခေါင်းသွေးယိုတာမျိုးတွေ ဖြစ်နိုင်ပါတယ်။
ပြင်းထန်တဲ့ ဓာတ်မတည့်မှုတုံ့ပြန်မှုကို anaphylaxis လို့ခေါ်ပြီး ရောင်ရမ်းခြင်း၊ အင်ပျဉ်ထခြင်း၊ သွေးပေါင်ကျခြင်း သို့မဟုတ် တစ်ခါတစ်ရံ ရှော့ခ်လို့ခေါ်တဲ့ လက္ခဏာများဟာ မြေပဲလိုမျိုး ဓာတ်မတည့်တဲ့ အရာကို ခန္ဓာကိုယ်ရဲ့တုံ့ပြန်မှုဖြစ်တာမလို့ အသက်အန္တရာယ်ရှိနိုင်ပါတယ်။ ဒါကြောင့် ဒီလိုလက္ခဏာတွေပြလာတဲ့အခါ ချက်ချင်းဆေးကုသမှုခံဖို့ လိုအပ်ပါတယ်။
ဝိတ်မချဘဲ ပေါင်ချိန်တွေကျတာ အထူးသဖြင့် ကိုယ်အလေးချိန် သိသိသာသာ ကျဆင်းခြင်းက ဆီးချိုရောဂါ၊ ရောင်ရမ်းသောအူသိမ်အူမရောဂါ၊ သိုင်းရွိုက်အားလွန်ကဲမှု၊ ကင်ဆာ၊ နှလုံးရောဂါအပါဝင် ရောဂါတွေနဲ့ဆက်စပ်နေတာကြောင့် မထင်မှတ်ဘဲ သိသိသာသာ ကိုယ်အလေးချိန်ကျခြင်းကို ခံစားရပါကသင့်ဆရာဝန်နဲ့ ဆွေးနွေးပါ။
ဆီး သို့မဟုတ် ဝမ်းမှာ ဒါမှမဟုတ် ချောင်းဆိုးတဲ့အခါ အန်တဲ့အခါသွေးပါလာပါက ဆရာဝန်နဲ့ ချက်ချင်းပြသဖို့ လိုပါတယ်။ ဆီးထဲသွေးပါတာက ဆီးအိမ်ကင်ဆာ၊ ကျောက်ကပ်ရောဂါ၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်းတို့ ဖြစ်နိုင်သလို ဝမ်းထဲသွေးပါတာက လိပ်ခေါင်းရောဂါ သို့မဟုတ် အူမကြီးကင်ဆာ၊ diverticulitis သို့မဟုတ် ရောင်ရမ်းသောအူသိမ်အူမရောဂါတို့နဲ့ ဆက်စပ်နေပါတယ်။ အန်တဲ့အခါသွေးပါလာတာက အစာအိမ်နာကြောင့်လည်း ဖြစ်နိုင်သလို ချောင်းဆိုးတဲ့အခါ သွေးပါတာကလည်း အဆုတ်ကင်ဆာနဲ့ ဆက်စပ်နေပါတယ်။
သုံးလအတွင်း အရေပြားပေါ်ကအနာက မသက်သာတာ ဒါမှမဟုတ် ပြန်ပြန်ဖြစ်တာတွေက ရောဂါပိုးဝင်တာ ဒါမှမဟုတ် ဆီးချိုရောဂါရဲ့ လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။
ခြေထောက်တွေဖောရောင်တာက အဝလွန်တာကြောင့်လည်း ဖြစ်နိုင်သလို နှလုံးရောဂါ၊ သွေးပြန်ကြောပြဿနာတွေ ဒါမှမဟုတ် ကျောက်ကပ်ဆိုင်ရာ ပြဿနာတွေ အပါအဝင် တခြားအကြောင်းရင်းတွေကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။