ကိုယ်နေဟန်ထားသည် သင့်ရဲ့အသွင်အပြင်ဘယ်လိပုံစံရှိသလဲဆိုတာကို ဖော်ပြရာတွင် အရေးကြီးသည့်အခန်းကဏ္ဍမှပါဝင်နေပြီး သင့်ရဲ့ကိုယ်ကျင့်စရိုက်ကိုလည်း ပုံဖော်ပြသနေပါတယ်။ ဖြောင့်မတ်ညီညွတ်သည့် ကိုယ်နေဟန်ထားရှိခြင်းသည် ထိုင်သည့်အခါ၊ လမ်းလျှောက်သည့်အခါနှင့် အိပ်စက်သည့်အခါများမှာပါ ကိုယ်ခန္ဓာဖြောင့်တန်းမှုရှိအောင် ကူညီပေးပါတယ်။

အခြားတစ်ဖက်တွင်လည်း ကိုယ်နေဟန်ထားမညီမျှခြင်းသည် စိတ်ရောကိုယ်ပါ ကျန်းမာကြံ့ခိုင်ခြင်းအပေါ် သက်ရောက်မှုရှိသလို အိပ်စက်ခြင်းကိုလည်း အနှောင့်အယှက်ပေးလာနိုင်ပါတယ်။ ကိုယ်နေဟန်ထားမညီမျှမှုမှာ မွေးကတည်းကဖြစ်ပေါ်လာတာမဟုတ်ဘဲ နေထိုင်မှုပုံစံပေါ်မူတည်ပြီး ပြောင်းလဲသွားတာဖြစ်ပါတယ်။

ထို့ကြောင့် ကိုယ်နေဟန်ထားကို ပြန်လည်ကောင်းမွန်လာစေရန်အတွက် အလွယ်တကူလုပ်ဆောင်နိုင်မယ့် နည်းလမ်းကောင်းလေးတွေကို ပြန်လည်ဝေမျှလိုက်ရပါတယ်။

၁။ တည့်တည့်မတ်မတ်လမ်းလျှောက်ပါ။

ခေါင်းတည့်တည့်၊ ပခုံးမတ်မတ်နှင့် လမ်းလျှောက်မိဖို့ ကိုယ့်ကိုယ်ကို အမြဲတမ်းသတိပေးပါ။ မတ်တပ်ရပ်သည့်အခါမှာလည်း ခြေတစ်ဖက်ထဲကို အားပြုပြီးမှီခြင်းကို ရှောင်ကြဉ်ပါ။ နံရံကိုမှီခေါင်း၊ ပခုံး၊ တင်ပါးတို့နှင်ပါ မှီသည့် ကိုယ်နေဟန်ထားကို တနေ့လျှင် ၁၀ မိနစ်မှ ၁၅ မိနစ်အထိ လုပ်ဆောင်ပေးပါ။

၂။ ပက်လက်လှန်အိပ်ပါ။

အိပ်သည့်အခါတွင် ကိုယ်နေဟန်ထား အမျိုးမျိုးပြောင်းလဲတာမှန်သော်လည်း စစအိပ်ချိန်မှာတော့ ပက်လက်လှန်အိပ်ပေးပါ။ ထိုသို့အိပ်ပေးခြင်းက ကျောရိုးကိုထောက်ပံ့မှုပေးစွမ်းပြီး ပခုံးများမှာလည်း ခန္ဓာကိုယ်နှင့်အတူ အချိုးအစားညီညာသွားမှာဖြစ်ပါတယ်။

၃။ ဆက်တိုက်ထိုင်နေရာမှ မှန်မှန်နားပေးပါ။

ထိုင်နေရင်းနဲ့ ကိုယ်နေဟန်ထားကို ပြုပြင်ပေးတယ်ဆိုလျှင်တောင်မှ ခဏခဏအနားယူပေးဖို့လိုပါတယ်။ တနေရာတည်းမှာ အချိန်အကြာကြီးထိုင်ခြင်းက သင့်ကိုအားအင်ဆုတ်ယုတ်သလို၊ နေမသိထိုင်မသာဖြစ်သလိုတို့ကို ခံစားမိစေပြီး လည်ပင်းနဲ့နောက်ကျောတို့ကိုပါ နာကျင်မှုဖြစ်လာစေနိုင်ပါတယ်။

ဒါကြောင့် တစ်နာရီကြာအောင်ထိုင်ပြီးလျှင်တော့ မတ်တပ်ရပ်အကြောဆန့်ပြီး ငါးမိနစ်ခန့်လောက် လမ်းလျှောက်ပေးပါ။

၄။ ဒေါက်နိမ့်တဲ့ဖိနပ်ကိုစီးပေးပါ

မိန်းကလေးများကြားတွင် ဒေါက်မြင့်ဖိနပ်တွေက အလွန်ဖက်ရှင်ကျပြီး ရေပန်းစားကြသည်မှန်သော်လည်း ကိုယ်နေဟန်ထားအတွက်တော့ လုံးဝမသင့်တော်ပါဘူး။ ခြေထောက်နဲ့ပတ်သက်တဲ့ ရောဂါကိုအချိန်ကြာအောင်ဖြစ်လာစေတာကြောင့် ၂ လက်မထက်ပိုမြင့်သည့်ဖိနပ်များကို မစီးဖို့သတိပေးချင်ပါတယ်။

၅။ ယောဂကျင့်ပေးပါ။

ကိုယ်နေဟန်ထားမှန်ရန်အတွက်သာမက ကိုယ်ခန္ဓာကျန်းမာရေးအတွက်ပါ ယောဂကျင့်စဉ်များက အကောင်းဆုံးပါပဲ။ ဟန်ချက်ညီစေခြင်း၊ ကြွက်သားများသန်မာစေခြင်း၊ ကျောရိုးကိုဆန့်ထုတ်ပေးခြင်း၊ ကိုယ်ခန္ဓာပျော့ပျော့ပျောင်းပျောင်းရှိစေခြင်း စသည့်အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်ပါတယ်။

၆။ ကွန်ပျူတာ သို့မဟုတ် ဖုန်းသုံးနေသည့်အချိန် ခါးမကိုင်းပါနှင့်။

တနေ့လုံး ကွန်ပျူတာ သို့မဟုတ် မိုဘိုင်းလ်ဖုန်းများ၊ တက်ဘလက်များကို အသုံးပြုနေရင်းနှင့် သတိမထားမိလိုက်ဘဲ ဆိုးရွားတဲ့ကိုယ်နေဟန်ထားကို ပြုမူတတ်နိုင်ပါတယ်။ ဒါကြောင့် ကွန်ပျူတာကိုအသုံးပြုပြီး အချိန်အကြာကြီး အလုပ်လုပ်ရမယ်ဆိုရင် ကိုယ့်အရပ်နဲ့ကိုက်ညီတဲ့ ကွန်ပျူတာ၊ စားပွဲ၊ ကုလားထိုင်အမြင့်ကို အသုံးပြုပေးပြီး ဖုန်းကိုအသုံးပြုသည့်အခါမှာလည်း မျက်စိနှင့်တစ်တန်းတည်းထားပေးပါ။

၇။ ခြေထောက်ချိတ်မထိုင်ပါနှင့်။

ခြေထောက်တစ်ဖက်ချိတ်ထိုင်ခြင်းက ခန္ဓာကိုယ်တစ်ခြမ်းတည်းအပေါ်ကို ဖိအားစုပြုံသွားစေနိုင်တာကြောင့် ကိုယ်နေဟန်ထားကိုဆိုးရွားလာစေနိုင်ပါတယ်။ သည့်အပြင် နောက်ကျောအောက်ပိုင်းနာကျင်မှုများကိုပါ ဖြစ်ပေါ်လာစေနိုင်ပါတယ်။

ကိုယ်နေဟန်ထားမှန်စေရန်အတွက် ကုလားထိုင်တွင်ထိုင်သည့်အခါ ခြေဖဝါးနှစ်ဖက်စလုံး ကြမ်းပြင်နှင့်ထိနေစေပါ။ အကယ်၍ထိုကဲ့သို့ ခြေဖဝါးကြမ်းပြင်နှင့်ထိနေတာကို မနေတတ်ဘူးဆိုရင်တော့ ခြေထောက်အောက်မှာ တစ်ခုခုကိုခုထားပေးပါ။