ဒီနေ့ခေတ်မှာ လူတိုင်းလိုလို အလုပ်တွေ လုပ်နေတာကြောင့် မီးဖိုချောင်အတွက် အချိန်အများကြီး မပေးနိုင်ကြပါဘူး။ ဒါကြောင့် ဟင်းချက်ရာမှာ အချိန်ကုန်သက်သာပြီး လွယ်ကူတဲ့ နည်းလမ်းတစ်ချို့ကို ဝေမျှချင်ပါတယ်။
ကြက်သွန်ဖြူကို မြန်မြန်ခွာနည်း
ဟင်းချက်ရာမှာ ဆီသပ်တိုင်းမှာ ကြက်သွန်ဖြူက မပါမဖြစ်ပါဘဲ။ ကြက်သွန်ဖြူတစ်ဥလုံးကို ပုလင်းအလွတ်တစ်ခုထဲ ထည့်လိုက်ပါ။ အဖုံးပိတ်လိုက်ပြီး ခလောက်လိုက်ပါ။ အဖုံးပြန်ဖွင့်လိုက်ရင် ကြက်သွန်ဖြူတွေက အခွံနဲ့ ကွာနေတာကို တွေ့ပါလိမ့်မယ်။
ချောကလပ် အလှဆင်
အထူးသဖြင့် မုန့်ဖုတ်တဲ့နေရာမှာ ချောကလပ် အလိတ်လေးတွေနဲ့ အလှဆင်တတ်ကြပါတယ်။ ဒါပေမယ့် ချောကလပ် အလိတ်လေးတွေ ရဖို့တော့ ခက်ခဲပါတယ်။ အာလူးအခွံခွာတဲ့ ဓားလေးနဲ့ ချောကလပ်အတုံးလေးကို လှီးလိုက်ရင် ချောကလပ် အလိတ်လေးတွေ ရလာမှာ ဖြစ်ပါတယ်။
အိုးဝေကျရင်
ကိုယ်က တစ်ဖက်မှာ ဟင်းချက်နေတုန်း နောက်ဟင်းတစ်ခု အတွက် ပြင်ဆင် လှီးချွတ်နေတဲ့အချိန်မှာ အိုးမဝေကျချင်ရင် အိုးပေါ်ကို သစ်သားယောင်းမတစ်ခု တင်ထားလိုက်ပါ။
ကြက်ဥပြုတ်ကို အလွယ်တကူ အခွံခွာနိုင်ဖို့
ကြက်ဥ ပြုတ်ကို အလွယ်တကူအခွံခွာနိုင်ချင်ရင် ကြက်ဥမပြုတ်ခင် အစိမ်းအဆင့်မှာ ထိပ်ကို ပင်အပ်နဲ့ ဖောက်ထားပြီးမှ ရေနွေးပူပူထဲကို ထည့်ပါ။
သောက်စရာတွေကိုမြန်မြန် အေးချင်ရင်
ကိုယ့်သူငယ်ချင်းတွေက ရောက်တော့မယ်၊ ဝယ်ထားတဲ့ အအေးတွေ၊ ဘီယာတွေက မအေးသေးဘူးဆိုရင် Snow Towels လိုမျိုးကို ရေစွတ်ပြီး ပုလင်းမှာ ပတ်ကာ ရေခဲသေတ္တာထဲမှာ ၁၀ မိနစ်လောက်ထည့်ထားလိုက်ပါ။ ၁၀ မိနစ်ဘဲထားပါ။ မဟုတ်ရင်ပုလင်းကွဲသွားပါလိမ့်မယ်။