မြန်မာနိုင်ငံ အနှံ့အပြားမှာ အလေ့ကျပေါက်ရောက်လေ့ရှိပြီး သစ်ပင် ခြံစည်းရိုးတို့ကို နွယ်ပြီး တက်တဲ့ အပင်မျိုးဖြစ်ပါတယ်။

အမြဲစိမ်း နွယ်ပင်ဖြစ်ပြီး ပင်စည်သေးပါတယ်။ အသီးက လုံးရှည်မျောမျောဖြစ်ပြီး ၂ လက်မကျော်လောက်ရှိတယ်။ အစိမ်းရောင်အခွံပေါ်မှာ အဖြူရောင်အစင်းလေးတွေရှိပါတယ်။ အရသာကတော့ အခါးနဲ့ အချို နှစ်မျိုးရှိပြီး အခါးကိုတော့ ဆေးဖော်တဲ့နေရာမှာ အသုံးများပါတယ်။ အအေးစာဖြစ်တယ်။ အရွက်က ဖန်ပါတယ်။ အသီးကိုချက်စားလို့လည်းရသလို အရွက်တွေ အမြစ်တွေကလည်း ဆေးဖက်ဝင်ပါတယ်။

ကင်းပုံရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့

အဖျားပျောက်စေတယ်

ကင်းပုံဟာ အဖျားကိုသက်သာပျောက်ကင်းစေပါတယ်။ ကင်းပုံရွက်နဲ့ နံနံစေ့ကို ဆတူရောပြုတ်ပြီး သောက်သုံးနိုင်ပါတယ်။ အမြစ်ကိုလည်း အဖျားကျဆေးအနေနဲ့ အသုံးပြုနိုင်ပါတယ်။

ဆီးချို

ဆီးချိုရှိသူတွေကတော့ အရွက်ကိုအရည်ပြုတ်သောက်တာ၊ အရွက်စိမ်းအနုကို ကြော်ချက်စားတာမျိုး လုပ်နိုင်ပါတယ်။ အသီးကိုလည်း ချက်စားနိုင်ပါတယ်။ အမြစ်ကိုလည်း ဆေးဖော်ပြီးတော့ အသုံးပြုကြပါတယ်။

နှလုံးကျန်းမာရေး

နှလုံးခုံမမှန်တာကို သက်သာပျောက်ကင်းပေါတယ်။ ကင်းပုံရွက်ကိုပြုတ်ပြီး စားပွဲတင်ဇွန်း ၂ ဇွန်းစာလောက်သောက်ပေးပါ။ သွေးဖိအားကိုကျစေပြီး နှလုံးရောဂါကင်းဝေးစေပါတယ်။

မိခင်လောင်းတွေအတွက်

မိခင်လောင်းတွေအတွက် နို့ထွက်စေဖို့ ကင်းပုံသီးကိုအသုံးပြုကြသလို၊ ပန်းနာ ချောင်းဆိုရောဂါတွေအတွက်လည်း အသုံးပြုကြပါတယ်။

ဆေးဖက်ဝင်တယ်

Pointed Gourd

ကင်းပုံရွက်ကို သန်ချဆေးဖော်စပ်ရာမှာ အသုံးပြုကြပါတယ်။ ဒါ့အပြင် သည်းခြေနဲ့ အဆုတ်ပြွန်ရောင်တဲ့ ရောဂါတွေအတွက် ဖော်စပ်တဲ့ဆေးတွေမှာ အသုံးပြုကြပါတယ်။ ရေယုန်ပေါက်ရင်လည်း ကင်းပုံရွက်အရည်ကို တို့ပေးရင်ပျောက်ပါတယ်။