သံပုယိုသီးတွေကို အစားအသောက်များ၊ ဖျော်ရည်များအဖြစ်သာ အသုံးဝင်တာမဟုတ်ဘဲ ထင်ထားတာထက်ကို ပိုပြီးအသုံးဝင်ကြောင်းကို ယနေ့အချိန်မှာ ဖော်ပြပေးသွားမှာပါ။ အလှအပအတွက်သာမဟုတ်ဘဲ ကျန်းမာရေးအတွက်ပါ အဖက်ဖက်မှ အသုံးဝင်တာကြောင့် MyHealth Myanmar မှနေပြီး အခုပဲဝေမျှပေးလိုက်ရပါတယ်။

ကင်ဆာကာကွယ်နိုင်သည့် အစွမ်းသတ္တိရှိခြင်း

ကင်ဆာကို အထူးကာကွယ်ပေးနိုင်သော အစွမ်းသတ္တိများပါဝင်ပြီး ဗီတာမင်တွေအလွန်ကြွယ်ဝပါတယ်။ ဆိုးဆိုးရွားရွား ဖျားနာမှုကို ဖြစ်စေနိုင်သည့် ဆဲလ်များမပျက်စီးအောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

အရေးအကြောင်းများကို သဘာဝအတိုင်း ဖယ်ရှားပေးခြင်း

အိုမင်းရင့်ရော်လာမှုကို ပြောင်းပြန်လုပ်လို့မရပေမယ့်လည်း အရေးအကြောင်းတွေ မသိသာအောင်နှင့် မျက်နှာအသားအရေ လှပဝင်းလက်လာဖို့ အတွက်တော့ သံပုယိုသီးကို အသုံးပြုနိုင်ပါတယ်။ ဗီတာမင်စီပါဝင်တာကြောင့် Collagen ထုတ်လုပ်မှုကို တိုးမြှင့်ပေးကာ အသားအရေကို တင်းတင်းရင်းရင်းရှိစေပါတယ်။

ကိုယ်အလေးချိန်လျော့ကျရန်အတွက်

ကော်ဖီကို သကြားထည့်သောက်ခြင်း သို့မဟုတ် သစ်သီးဖျော်ရည်များသောက်ခြင်းတို့ထက် သံပုယိုသီးထည့်သွင်းထားသည့် ရေကိုသောက်သုံးပေးခြင်းက ကယ်လိုရီသုံးစွဲမှုနည်းပါးသွားအောင် ကူညီပေးပါတယ်။ ထိုအခါ ကိုယ်အလေးချိန်လည်းလျော့ကျသွားစေမှာဖြစ်တာကြောင့် သံပုယိုသီးနှင့် ရောစပ် ထားသည့် ရေကိုသောက်သုံးပေးပါ။

လည်ပင်းနာခြင်းများအတွက်

ခန္ဓာကိုယ်မှလိုအပ်သော ဗီတာမင်၊ သတ္တုဓာတ်တွေပါဝင်တာကြောင့် စွမ်းအင်ပမာဏကို မြှင့်တင်ပေးပြီး ကိုယ်ခံအားကောင်းစေကာ ရောဂါပိုးလည်း ကင်းဝေးစေပါတယ်။

လည်ပင်းနာခြင်းကိုခံစားရသည့်အခါ ပျားရည်၊ ရေနွေးနွေး၊ သံပုယိုသီးတို့ကို ရောစပ်သောက်သုံးပေးခြင်းက လည်ပင်းကြွက်သားများကို ပြေလျော့စေပါတယ်။

ဦးနှောက်အလုပ်လုပ်မှုကို တိုးမြှင့်ပေးပြီး စိတ်ဖိစီးမှုကင်းဝေးစေခြင်း

ဦးနှောက်အလုပ်လုပ်မှု ပိုမိုကောင်းမွန်ရန်အတွက် အဓိကအရာတစ်ခုဖြစ်သည့် ပိုတက်စီယမ် အမြောက်အမြားပါဝင်တာကြောင့် သံပုယိုသီးကို မှန်မှန်သုံးစွဲပေးမယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာဆောင်ရွက်ချက်များ တိုးတက်လာတာကို ခံစားမိမှာပါ။ နေ့ခင်းအချိန်တွေမှာလည်း ပိုမိုပျော်ရွှင်ပြီး သွက်သွက်လက်လက်ရှိနေစေမှာပါ။

နေလောင်ဒဏ်ရာများကို သက်သာပျောက်ကင်းစေခြင်း

သံပုယိုရည်၊ နှင်းဆီရည်၊ သခွားသီးအရည်တို့ကို စားပွဲတင်ဇွန်း ၁ ဇွန်း ခန့်စီ ရောစပ်၍ ထိုအထဲကို အဝတ်နှစ်ကာ နေလောင်ထားသည့်အသားအရေပေါ်မှာ နာရီဝက်ခန့်တင်ထားပေးပါ။ မှန်မှန်ပြုလုပ်သွားမယ်ဆိုရင် သက်သာပျောက်ကင်းလာတာကို တွေ့မြင်နိုင်ပါတယ်။

နှာခေါင်းသွေးလျှံခြင်း

နှာခေါင်းသွေးလျှံသည့်အခါ ခေါင်းကိုမော့ထားလိုက်ပြီး နှာခေါင်းပေါက်တစ်ဖက်စီထဲကို သံပုယိုရည်တစ်စက်၊ နှစ်စက်ချပေးပါ။ သံပုယိုရည်၏ မြင့်မားသောအချဉ်ဓာတ်ကြောင့် ခဏလေးအတွင်းမှာပဲ နှာခေါင်းသွေးလျှံတာ ရပ်သွားမှာဖြစ်ပါတယ်။ သွေးတိတ်သွားသည့်အခါ နှာခေါင်းကို မညှစ်လိုက်ပါနဲ့။ ခဲနေတာကိုမှုတ်ထုတ်လိုက်သလိုဖြစ်သွားတာကြောင့် နောက်ထပ်သွေးပြန်ထွက်လာနိုင်ပါတယ်။

ဝက်ခြံအမာရွတ်များပျောက်ကင်းဖို့အတွက်

သံပုယိုသီး၏ သဘာဝအရောင်ချွတ်နိုင်တဲ့ အစွမ်းသတ္တိကြောင့် အမည်းကွက်များနှင့် အမာရွတ်များကို သက်သာသွားဖို့အတွက် ကူညီပေးနိုင်ပါတယ်။ အချဉ်ဓာတ်က အသားအရေဆဲလ်များကို သန့်စင်ပေးပြီး အညစ်အကြေးများကို ဖယ်ရှားပေးပါတယ်။

သံပုယိုရည်နှင့် အုန်းဆီတို့ကို ဆတူရောကာ ဂွမ်းဖတ်အသုံးပြု၍ ပျက်စီးနေသောအသားအရေပေါ်မှာ သုတ်လိမ်းပေးပါ။ သုံးမိနစ်ကြာလျှင် ရေနွေးနွေးလေးနှင့် မျက်နှစ်သစ်ကာ Moisturizer လိမ်းပေးပါ။ သို့သော်လည်း အသားအရေကနီရဲပြီး ယားယံလာရင်တော့ သံပုယိုရည်မသုံးပါနဲ့။

Source: BrightSide