ရေချိုးတာနဲ့ပတ်သတ်ပြီး တစ်ယောက်နဲ့တစ်ယောက်အကြိုက်တူလေ့မရှိကြပါဘူး။ တချို့က အိပ်ယာထပြီး ရေချိုးလိုက်မှ တစ်နေ့လုံး လန်းဆန်း သွားသလိုခံစားရပြီး တချို့ကျတော့ တစ်နေ့တာသွားလာလှုပ်ရှားလို့အပြီး ညနေစောင်းမှအေးအေးဆေးဆေး ရေချိုးပြီးသန့်ရှင်းနေတာကိုကြိုက်ကြတယ်။ တကယ်ဆို ကျန်းမာရေးအတွက်ဘယ်ဟာပိုကောင်းတယ်ထင်သလဲ။

ပညာရှင်တွေကတော့ မနက်ခင်း ရေပန်းနဲ့ရေချိုးပေးတာက ကျန်းမာရေးအကျိုးကျေးဇူးတွေပိုရနိုင်တယ်လို့ အကြံပေးထားပါတယ်။ အဲ့ဒီ့အကျိုးကျေးဇူးတွေကတော့…

၁။သွေးလည်ပတ်မှုအားကောင်းလာစေတယ်။

သွေးလည်ပတ်အားကောင်းတာက ခန္ဓာကိုယ်ကျန်းမာရေးအတွက် အင်မတန်အရေးပါပါတယ်။ သွေးလည်ပတ်အားမကောင်းခြင်းကြောင့် သွေးတိုးရောဂါ၊ သွေးကြောဖောင်းရောင်ခြင်းတွေဖြစ်လာနိုင်ပါတယ်။ ရေပန်းနဲ့ရေချိုးပေးတဲ့အခါမှာလည်း ရေပန်းထဲကကျလာတဲ့ရေစီးအားက ခန္ဓာကိုယ်သွေးကြောတွေ ကို နေရာအနှံ့လည်ပတ်စေတာကြောင့် သွေးလည်ပတ်မှုအားကောင်းစေပါတယ်။

၂။စိတ်ဖိစီးမှုတွေကို ပြေလျော့စေတယ်။

မနက်ခင်း ရေပန်းနဲ့ရေချိုးပေးခြင်းက စိုးရိမ်မှု၊ ပူပန်ကြောင့်ကြမှုတွေကိုပြေလျော့စေပါတယ်။ ရေစိမ်းနဲ့ရေချိုးပေးတာက ပိုထိရောက်ပါတယ်။ မနက်ခင်းရေချိုးပေးခြင်းဖြင့် ခန္ဓာကိုယ်က လိုအပ်တဲ့အောက်ဆီဂျင်ကို ပြည့်ဝအောင်ရရှိစေတာမို့ စိတ်ဖိစီးမှုတွေကိုသက်သာသွားစေပါတယ်။

၃။ရောဂါခုခံအားကိုမြှင့်တင်ပေးတယ်။

မနက်ခင်းရေချိုးပေးခြင်းက ခန္ဓာကိုယ်မှာ သွေးဖြူဆဲလ်အသစ်တွေဖြစ်ပေါ်လာစေခြင်းဖြင့် ရောဂါခုခံအားကိုမြှင့်တင်ပေးပါတယ်။ သွေးဖြူဆဲလ်တွေက ဖျားနာမှု၊ နာမကျန်းမှုတွေကို တိုက်ထုတ်ပေးပါတယ်။ ကျန်းမာရေးနာရီအရဆိုရင် မနက်စောစောရေချိုးမှ ဒီအကျိုးကျေးဇူးကိုရမှာပါ။

၄။အသားအရေကိုစိုပြေစေတယ်။

မနက်စောစောရေချိုးပေးခြင်းဖြင့် အရေပြားသဘာဝအဆီပါဝင်မှုနဲ့ ဝက်ခြံထွက်ခြင်းမျိုးကို ထိန်းညှိပေးတာကြောင့် အသားအရေအတွက် အရမ်းကောင်းမွန်ပါတယ်။

၅။ချောင်းဆိုးခြင်းကို သက်သာပျောက်ကင်းစေတယ်။

သင်ချောင်းဆိုးနေရင် မနက်စောစော ရေနွေးနဲ့ရေထချိုးပေးလိုက်ပါ။ ညအိပ်တုန်းကချောင်းဆိုးပြီး ပိတ်နေတဲ့အချွဲတွေကြောင့် မနက်ပိုင်းမှာ လည်ချောင်းနာတာမျိုးဖြစ်တတ်ပါတယ်။ ရေနွေးနဲ့ရေချိုးပေးလိုက်တဲ့အခါ ရေနွေးငွေ့တွေကြောင့်အချွဲတွေပျော်စေပြီး ချောင်းဆိုးတာကိုလည်း သက်သာပျောက်ကင်းသွားစေပါတယ်။

၆။သန္ဓေအောင်ခြင်းကိုဖြစ်စေတယ်။

မနက်ခင်းရေချိုးပေးခြင်းက အမျိုးသားတွေရဲ့မျိုးပွားနှုန်းကိုမြင့်စေပါတယ်။ ကလေးယူဖို့စိတ်ကူးထားတဲ့ ဇနီးမောင်နှံတွေအတွက် အမျိုးသားဖြစ်သူ မနက်ခင်း ရေအေးနဲ့ရေချိုးပေးခြင်းက သန္ဓေအောင်နိုင်ချေပိုများစေပါတယ်။ မနက်စောစော တစ်ပတ်ဆက်တိုက် ရေစိမ်းနဲ့ ရေချိုးလိုက်တဲ့အခါ အမျိုးသားရဲ့သုတ်ပိုးထုတ်နှုန်းမြင့်လာတာကြောင့်ပါပဲ။

၇။အဆိပ်အတောက်တွေကို ဆေးပစ်တယ်။

အိပ်နေတဲ့အခါ ခန္ဓာကိုယ်တွင်းကအဆိပ်အတောက်တွေက ချွေးမှတစ်ဆင့်အပြင်ထွက်လာပါတယ်။ မနက်စောစောရေချိုးလိုက်တဲ့အခါတော့ အဆိပ်အတောက်တွေကို ဆေးပြီးသားဖြစ်သွားတာပေါ့။

၈။အဆီပြန်တဲ့ဆံသားတွေကို ဖြေရှင်းပေးတယ်။

မနက်စောစော ရေပန်းနဲ့ ခေါင်းလျှော်ပေးခြင်းက ဆံသားနဲ့ဦးရေပြား အဆီပြန်လွန်းခြင်းကို သက်သာသွားစေပါတယ်။

၉။ကြွက်သားတွေကိုပြေလျော့စေတယ်။

မနက်စောစော ရေပန်းနဲ့ရေချိုးပေးခြင်းက ကြွက်သားနာခြင်း၊ ကိုက်ခဲခြင်းကို သက်သာစေပြီး ခန္ဓာကိုယ်တစ်ခုလုံးကို သက်တောင့်သက်သာရှိစေပြီး တစ်နေ့တာလုံးအတွက်လန်းဆန်းစေပါတယ်။