ပျားရည်က အရသာရှိတဲ့ စားစရာတစ်ခုဆိုတာထက်ပိုပါတယ်။ သူ့ကို ရောဂါများကို ကာကွယ်ကုသတဲ့နေရာမှာလည်း အသုံးပြုနိုင်ပါသေးတယ်။ ရှေးတုန်းက အီဂျစ်ပြည်မှာဆိုရင် ပျားရည်ကိုဆေးဝါးတစ်ခုအဖြစ်အသုံးပြုကြတာပါ။

ဒါဆိုရင် ပျားရည်က ကျန်းမာရေးအတွက် ဘယ်လိုအသုံးဝင်လဲဆိုတာကို ဆက်ဖတ်ကြည့်ရအောင်နော်။

၁။ ပဋိဇီဝဆေးအဖြစ်အသုံးပြုခြင်း

ဒဏ်ရာအနာတရဖြစ်သွားတဲ့နေရာကို ပျားရည်လိမ်းပေးလိုက်ပြီး ဘက်တီးရီးယားတွေ ဝင်ရောက်ပျံ့နှံ့သွားခြင်းမှ ကာကွယ်နိုင်ပါတယ်။ ပျားရည်ရဲ့အရောင်ရင့်လေ ဘက်တီးရီးယားတွေရန်မှ ပိုကာကွယ်ပေးနိုင်လေပါပဲ။

၂။ ကိုယ်အလေးချိန် လျော့ချချင်သူများအတွက် အသုံးဝင်တယ်

ပျားရည်က ခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်ကိုတိုးမြှင့်ပေးတဲ့အတွက်ကြောင့် ကိုယ်အလေးချိန်ကျချင်သူများအတွက် မှီဝဲသင့်တဲ့စားစရာတစ်ခုပါပဲ။ လက်ဖက်စိမ်းကလည်း ဇီဝကမ္မဖြစ်စဉ်ကိုတိုးမြှင့်ပေးတဲ့အတွက်ကြောင့် ပျားရည်နဲ့လက်ဖက်စိမ်းကို တွဲသောက်ပေးမယ်ဆိုရင် ခန္ဓာကိုယ်အတွက် စွမ်းအင်နှစ်ဆတိုးမြှင့်ပေးပါတယ်။

၃။ အိပ်မပျော်တဲ့ရာဂါအတွက် အသုံးတည့်တယ်

ညဘက်မှာ တော်တော်နဲ့အိပ်မပျော်ဘူးဆိုတဲ့သူတွေအတွက် အိပ်ရာမဝင်ခင်မှာ ပျားရည်ကိုစားတာပဲဖြစ်ဖြစ် ဖျော်ရည်အဖြစ်ဖျော်သောက်တာပဲဖြစ်ဖြစ် ပြုလုပ်ပေးမယ်ဆိုရင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နိုင်မှာ အမှန်ပါပဲ။ ပျားရည်ထဲမှာ ပါဝင်တဲ့သကြားဓာတ်က အာရုံကြောကို ခံစားချက်ကောင်းတွေခံစားနိုင်ဖို့အတွက် ပြုလုပ်ပေးပြီး အိပ်စက်ဖို့အတွက်လိုအပ်တဲ့ Melatonin လို့ခေါ်တဲ့ ဓာတုအသွင်ပြောင်းလဲလိုက်ခြင်းကြောင့်ပဲဖြစ်ပါတယ်။

၄။ အရက်နာကျခြင်းကို ကုသပေးတယ်

ပျားရည်ထဲမှာပါတဲ့ Fructose လို့ခေါ်တဲ့ အလွန်အမင်းချိုသောသကြားဓာတ်တစ်မျိုးဟာ ခန္ဓာကိုယ်ထဲမှာကျန်ရှိနေတဲ့ အဆိပ်အတောက်တွေကိုဓာတ်ပြယ်သွားစေပါတယ်။ ညပိုင်းမှာ အရက်သောက်တဲ့သူများအနေနဲ့ မနက်နိုးလာရင် ပျားရည်ကို လက်ဖက်ရည်ဇွန်းတစ်ဇွန်းခန့် သောက်သုံးနိုင်ပါတယ်။

၅။ အမြင်အာရုံကို တိုးတက်ကောင်းမွန်စေတယ်

ပျားရည်နဲ့ရေကို ရောပြီး မျက်နှာသစ်ပေးခြင်းဖြင့် မျက်စိထဲဝင်ရောက်နေတဲ့ ဖုန်မှုန့်များကို ဖယ်ရှားရှင်းလင်းပေးပါတယ်။ အမြင်အာရုံအတွက်အထောက်အကူပြုတဲ့ မုန်လာဥနီဖျော်ရည်နဲ့ ပျားရည်ကို တွဲဖက်သောက်သုံးပေးမယ်ဆိုရင် မျက်ခွံအတွင်းသားရောင်ရမ်းနာကျင်ခြင်း၊ မျက်စိရေတိမ်စွဲခြင်း၊ ကွန်ပျူတာရှေ့တွင်အချိန်အကြာကြီးထိုင်ရသူများအတွက် မျက်လုံးညောင်းညာခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

၆။ ခံတွင်းအနံ့ဆိုးကို ဖယ်ရှားပေးတယ်

ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ သစ်ကြမ်းပိုးခေါက် ၈ ပုံ ၁ ပုံခန့်၊ ရေနွေး ဖန်ခွက်ဝက်ခန့်ရောပြီး ပလုတ်ကျင်းပေးမယ်ဆိုရင် ခံတွင်းအနံ့ဆိုးမထွက်အောင် ပြုလုပ်ပေးပါတယ်။

၇။ သဘာဝအားဖြည့်အချိုရည်အဖြစ်အသုံးပြုနိုင်တယ်

ပျားရည်ထဲမှာပါဝင်တဲ့ ဂလူးကို့စ်နဲ့ Fructose ဓာတ်များက သွေးထဲသို့ အာနိသင်ပြယ်သွားခြင်းမရှိဘဲ တိုက်ရိုက်ဝင်ရောက်သွားတဲ့အတွက်ကြောင့် ခန္ဓာကိုယ်ကိုစွမ်းအင်ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။ မာရသွန်အပြေးသမားများ၊ အားကစားသမားများအနေနဲ့ မှီဝဲစားသုံးဖို့ အသင့်တော်ဆုံးပါပဲ။

၈။ သစ်သီးများကို တာရှည်ခံအောင် ပြုလုပ်နိုင်စွမ်းရှိတယ်

ဖန်ပုလင်းထဲသို့ ပျားရည်တစ်ဆ ရေဆယ်ဆထည့်ပြီး မိမိတာရှည်အထားခံစေချင်တဲ့သစ်သီးတစ်မျိုးမျိုးကို စိမ်ထားပေးခြင်းအားဖြင့် သစ်သီးရာသီမဟုတ်တဲ့အချိန်မှာ အလွယ်တကူပဲထုတ်စားနိုင်ပါတယ်။

Source: Brightside.me