လူတိုင်းလူတိုင်းက ကျန်းမာကြံ့ခိုင်ပြီး လှပတဲ့သွားလေးတွေကို လိုချင်ကြပါတယ်။ ထိုကဲ့သို့ သွားလှလှလေးတွေကို လိုချင်သူတွေအတွက် ဒီတစ်ခါမှာတော့ အိမ်မှာနေပြီးတော့ သွားရော၊ သွားဖုံးပါ မပျက်စီးစေဘဲ လုပ်ဆောင်နိုင်မယ့် နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။

၁။ DIY သွားဖြူစေမယ့် သွားတိုက်ဆေး

နနွင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို အုန်းဆီအကြည် ပမာဏအတူတူနှင့် ပူစီနံအဆီ ၂ စက် ၃ စက်နှင့် ရောစပ်ပါ။ ရရှိလာတဲ့အနှစ်ကို သွားတိုက်ဆေး အနေနဲ့ နေ့စဉ်သုံးပေးပါက သွားလေးတွေဖြူဖွေးလာပြီး ခံတွင်းနံ့ကိုပါ ရှင်းသန့်လန်းဆန်းစေမှာပါ။

၂။ စတော်ဘယ်ရီအနှစ်

စတော်ဘယ်ရီသီးကို ဇွန်းနဲ့ကြိတ်ခြေပြီး ဆားနုနုလေးနဲ့ရောစပ်ပါ။ ရလာတဲ့အနှစ်ကို သွားပွတ်တံပေါ်တင်ပြီး မိနစ်အနည်းငယ်လောက် သွားကိုဖြည်းဖြည်းချင်းတိုက်ပေးပါ။ ပြီးလျှင် ပါးစပ်ကိုသေချာပလုတ်ကျင်းပါ။ သွားအပေါ်ယံကြွေသားတွေကို ကာကွယ်ဖို့အတွက် တပတ်လျှင် တစ်ကြိမ်သာ လုပ်ဆောင်ပါ။

၃။ အုန်းဆီ

သွားမတိုက်ခင် အုန်းဆီအနည်းငယ်ယူပြီး သွားပေါ်သုတ်ပေးပါ။ မိနစ် ၂၀ ကြာထား၍ သွားတိုက်တံနှင့် အနှံ့ တိုက်ပေးပါ။ ပြီးလျှင် သေချာသန့်စင်အောင် ပလုတ်ကျင်းပါ။ တပတ်လျှင် ၂ ကြိမ် မှ ၃ ကြိမ်အထိ လုပ်ပေးနိုင်ပါတယ်။

၄။ မီးသွေးမှုန့်

မီးသွေးမှုန့်ကို ရောနှင့်ပျစ်အောင်ရောစပ်ကာ သွားပေါ်သတိထားပြီး သုတ်လိမ်းပါ။ ၂ မိနစ်ထားပြီးလျှင် ပါးစပ်ကိုသေချာသန့်စင်၍ သွားတိုက်ပေးပါ။ တစ်ပတ်ကို တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်လုပ်ပေးဖို့ လိုအပ်ပါတယ်။

၅။ ငှက်ပျောခွံ

ငှက်ပျောခွံတွင် သွားချေးတွေနှင့် သွားအရောင်ကိုဖြူဝင်းစေတဲ့ အစွမ်းသတ္တိတွေရှိပါတယ်။ ငှက်ပျောခွံအတွင်းဖက်ကို သွားကိုပွတ်တိုက်၍ ၇ မိနစ်စောင့်ပါ။ ပြီးလျှင် သွားတိုက်ပြီး ခံတွင်းကိုသန့်စင်ပါ။ သဘောကျသလို မကြာမကြာ လုပ်ပေးနိုင်ပါတယ်။

၆။ သံပုယိုခံတွင်းသန့်စင်ဆေး

ဤ DIY ခံတွင်းသန့်စင်ဆေးက သွားများကိုဖြည်းဖြည်းချင်းဖြူဖွေးလာစေရုံသာမက ခံတွင်းနံ့ကိုလည်း လန်းဆန်းမှုရှိစေပါတယ်။ သံပုယိုသီးသုံးခြမ်း၊ ဆားနုနု ၁ ဇွန်းတို့ ရောမွှေပြီး သွားတိုက်ပြီးနောက် ခံတွင်းအနှံ့သန့်စင်ပါ။ တပတ်လျှင် ၂ ကြိမ် သို့မဟုတ် ၃ ကြိမ် အသုံးပြုနိုင်ပါတယ်။

၇။ ပင်စိမ်းရွက်

ပင်စိမ်းရွက်တွေကို ထောင်းကြိတ်ပြီး သွားတိုက်ဆေးအနေနဲ့ အသုံးပြုပေးပါက သွားများကိုဖြူဝင်းစေကာ ကျန်းမာကြံ့ခိုင်စေပါတယ်။ ပုံမှန်အတိုင်း သွားမတိုက်ခင်မှာ ၁၀ မိနစ်လိမ်းထားပေးနိုင်ပါတယ်။

၈။ ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်အနှစ်ကို သွားမှာ ပွတ်ပြီး သွားတိုက်တံနဲ့တိုက်ပြီးရင် ပြောင်စင်အောင်ဆေးကြောပါ။ သွားတိုက်ပြီးတိုင်း ဤလုပ်နည်းကို လုပ်ဆောင်နိုင်၍ ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ ဝင်းလက်တောက်ပတဲ့ သွားတစ်စုံကို ရရှိနိုင်မှာပါ။