ပူအိုက်တဲ့ရာသီဥတုကြောင့် လေအေးပေးစက်ကို တနေ့လုံးဖွင့်ထားရမယ်ဆိုရင်တော့ ထိုကနေတဆင့်ဖြစ်ပေါ်လာမယ့် ဘေးထွက်ဆိုးကျိုးလေးတွေကို သိထားသင့်ဖို့လိုပါမယ်။ ခေါင်းကိုက်ခြင်း၊ အားအင်ဆုတ်ယုတ်ခြင်း၊ ရေဓာတ်ကုန်ခမ်းခြင်း၊ ဓာတ်မတည့်ခြင်း၊ အပေါ်ပိုင်းအသက်ရှုလမ်းကြောင်း ပြဿနာတွေ၊ ကူးစက်ရောဂါတွေကိုပါ ဖြစ်လာစေနိုင်ပါတယ်။

၁။ ရေဓာတ်ကုန်ခမ်းခြင်း

လေအေးပေးစက်အသုံးပြုတဲ့အခန်းတွေမှာ ရေဓာတ်ကုန်ခမ်းမှုဖြစ်ပွားနိုင်ခြေက ပိုမိုမြင့်မားပါတယ်။ အခန်းအတွင်းက အစိုဓာတ်ကို လေအေးပေးစက်က စုပ်ယူသွားတဲ့အခါမှာ ရေဓာတ်ကုန်ခမ်းခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။

၂။ ခေါင်းကိုက်ခြင်း

အခန်းတွင်းရှိလေထုအား ကျဆင်းသွားပြီဆိုရင် ခေါင်းတစ်ခြမ်းထိုးကိုက်တာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ အခန်းထဲမှာ လေအေးပေးစက် အချိန်အကြာကြီးဖွင့်ထားမယ်ဆိုရင် ရေဓာတ်ကုန်ခန်းမှုကနေဆင့် ခေါင်းကိုက်တာပါ ရောထွေးပြီးခံစားလာရနိုင်ပါတယ်။

၃။ အသက်ရှုခြင်းဆိုင်ရာပြဿနာများ

မျက်လုံး၊ နှာခေါင်းနှင့် လည်ပင်းတို့တွင် အသက်ရှုခြင်းဆိုင်ရာပြဿနာတွေဟာ လေအေးပေးစက်ဖွင့်ထားတဲ့ အခန်းအတွင်းမှာ အချိန်အကြာကြီး နေရတဲ့သူတွေမှာ အဖြစ်များတတ်ပါတယ်။ နှာခေါင်းပိတ်ခြင်း၊ လည်ပင်းခြောက်ခြင်း၊ ထိပ်ကပ်နာရောဂါပင်လျှင် ဖြစ်လာနိုင်ပါတယ်။

၄။ လေးလံထိုင်းမှိုင်းခြင်း

လေအေးပေးစက်ရှိတဲ့အခန်းအတွင်းမှာ အလုပ်လုပ်သူတွေဟာ ပုံမှန်အချိန်ထက်ကို လေးလံထိုင်းမှိုင်းသလို ခံစားရတတ်တယ်ဟုဆိုကာ အချို့လူတွေကတော့ လေအေးပေးစက်ကို အပြစ်တင်တတ်ကြပါသေးတယ်။

၅။ ခြောက်သွေ့ယားယံတဲ့အသားအရေ

နေရောင်ခြည်နဲ့ထိတွေ့ပြီး လေအေးပေးစက် အလွန်ခံလိုက်တဲ့အခါမှာ အသားအရေကို ခြောက်သွေ့ယားယံလာစေနိုင်ပါတယ်။

၆။ ပန်းနာရင်ကြပ်နဲ့ဓာတ်မတည့်ခြင်း

လေအေးပေးစက်တွေက ပန်းနာရင်ကြပ်နဲ့ဓာတ်မတည့်တာတွေကို ပိုပြီးဆိုးရွားသွားစေနိုင်ပါတယ်။ အချို့သူများအတွက် အခန်းတွင်းမှာ လေအေးပေးစက်ဖွင့်ပြီး နေတာက ဝတ်မှုန်၊ လေအတွင်းကအညစ်အကြေးတွေမှ ကာကွယ်ပေးနိုင်ပေမယ့်လည်း အချို့သူများအတွက်တော့ အခြေအနေပိုဆိုးသွားနိုင်ပါတယ်။

၇။ မျက်လုံးခြောက်ခြင်း

မျက်လုံးခြောက်တာက သင့်ရဲ့မျက်လုံးတွေကို ယားယံကျိန်းစပ်မှုကို ဖြစ်လာစေနိုင်ပါတယ်။ တခါတလေ အခြေအနေပိုဆိုးသွားလို့ အမြင်ဝေဝါးတာတွေ တောင် ဖြစ်သွားနိုင်ပါတယ်။ လေအေးခံတာက မျက်လုံးခြောက်တာကို တိုက်ရိုက်မဖြစ်စေနိုင်ပေမယ့်လည်း အကူအညီတော့မဖြစ်နိုင်ပါဘူး။ လေအေးပေးစက်ရှိသော အခန်းအတွင်းမှာ နာရီပေါင်းမြောက်မြားစွာနေမယ်ဆိုရင် မျက်လုံးခြောက်တာက ပိုဆိုးလာနိုင်ပါတယ်။

၈။ ရောဂါကူးစက်မှုများ

လေအေးပေးစက်တွေက နှာခေါင်းပိတ်ဆို့မှုကို ဖြစ်ပေါ်စေလို့ နှပ်တွေ၊ နှာရည်တွေက ယားယံမှုတွေဖြစ်လာပြီး ခြောက်သွေ့သွားမှာဖြစ်ပါတယ်။ ထိုကဲ့သို့ဖြစ်လာတဲ့အခါမှာ နှာခေါင်းကိုကာကွယ်ပေးမယ့် နှာရည်တွေမရှိတော့လို့ ဗိုင်းရပ်စ်ပိုးတွေရဲ့ တိုက်ခိုက်မှုကို ခံလာရနိုင်ပါတယ်။