ညအိပ်ယာဝင်နေတဲ့အချိန်မှာ အသားအရေကို ပိုပြီး အလှတိုးစေတဲ့ ဓါတ်တွေထုတ်ပေးပါတယ်။ ညအိပ်ယာဝင်နေတဲ့အချိန် အလှတိုးပြီး နောက်နေ့တွေမှာ ပိုလှစေဖို့အတွက် နည်းလမ်း ၇ သွယ်ကိုမျှဝေပေးလိုက်ပါတယ်။

၁။ ရှားစောင်းလက်ပက်နဲ့ ပေါင်းတင်ပါ။

ရှားစောင်းလက်ပက်အနှစ်မှာ ဝက်ခြံကိုသက်သာစေပြီး အရေးကြောင်းတွေကို ကာကွယ်ပေးနိုင်ပါတယ်။ အသားအရကိုလည်း ကျန်းမာစေပါတယ်။ ညအိပ်ယာမဝင်ခင် ရှားစောင်းလက်ပက်နဲ့ ပေါင်းတင်ပေးပြီး ၁၅ မိနစ်လောက်ထားကာ ရေဆေးချပြီးမှ အိပ်ယာဝင်ပါ။ တစ်ပတ်ကို ၂ ကြိမ်လုပ်ပေးပါ။

၂။ ဗီတာမင် E အဆီကို မျက်လုံးအောက်မှာ လိမ်းပေးပါ။

မျက်ကွင်းနားက အသားအရေတွေ ခြောက်သွေ့ ညိုမည်းတာမျိုး မဖြစ်စေဘဲ အရေးကြောင်းဖြစ်ခြင်းကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင် E ကို မျက်လုံးအောက်မှာ လိမ်းပေးပြီး အိပ်ယာဝင်ပေးပါ။ ဗီတာမင် E အဆီကို နည်းနည်းပဲလိမ်းပေးရင်ရပါပြီနော်။ မဟုတ်ရင် အသားအရေ ရောင်ရမ်းနီရဲတာမျိုးဖြစ်မှာစိုးလို့ပါ။ တစ်ပတ်ကို ၁ ကြိမ်ပဲလုပ်ပေးပါ။

၃။ မျက်တောင်နဲ့ မျက်ခုံးမွှေးထူပြီး ရှည်စေဖို့ ကြက်ဆူဆီသုံးပါ။

ကြက်ဆူဆီကို မျက်လုံးထဲ မဝင်အောင်ဂရုစိုက်ပါနော်။ Mascara ဘူးအလွတ်ထဲကို ကြက်ဆူဆီထည့်ပြီး Mascara Brush ကိုသုံးကာ မျက်တောင်နဲ့ မျက်လုံးကိုလိမ်းပေးပါ။ ညဖက် ပွတ်မိမှာ စိုးရင် ၁၅မိနစ်လောက်ထားပြီး ရေဆေးချလိုက်ပါနော်။

၄။ အုန်းဆီကိုနှုတ်ခမ်းမှာလိမ်းမယ်။

နှုတ်ခမ်းသားခြောက်သွေ့တာနဲ့ ညိုမည်းတာတွေကိုသက်သာစေဖို့ အုန်းဆီကို ညအိပ်ယာမဝင်ခင်လိမ်းပြီး အိပ်ပေးပါ။

၅။ ဆံပင်ကို Moisture လုပ်ပေးပါ။

သင့်ရဲ့ဆံသားဟာ ဓါတုပစ္စည်းတွေ လျှပ်စစ်ပစ္စည်းတွေကြောင့် အစိုဓါတ်ကင်းမဲ့နေပါတယ်။ ဒါ့ကြောင့် ဆံကေသာကို စိုပြေစေတဲ့ Moistening Serum ပဲဖြစ်ဖြစ် ခေါင်းလိမ်းဆီပဲဖြစ်ဖြစ် အုန်းဆီပဲဖြစ်ဖြစ် လိမ်းပြီးအိပ်ပေးပါ။

၆။ လက်လေးတွေကို နူးညံ့သွားအောင်လုပ်မယ်။

လက်လေးတွေ နူးညံ့သွားစေဖို့အတွက် အိပ်ယာမဝင်ခင်မှာ သံပုရာရည်နဲ့ သေချာပွတ်တိုက်ပြီး ချေးချွတ်ပေးပါ။ လက်သည်းကြားထဲကိုလည်း လုပ်ပေးပါ။ ပြီးရင် Moisturizer လိမ်းပေးပြီး အိပ်ပါ။ လက်ကောက်ဝတ်နဲ့ လက်ချောင်းကြားတွေကို သေချာဂရုစိုက်ပါ။

၇။ ခြေထောက်လေးတွေကို ဒီလိုဂရုစိုက်မယ်။

ခြေထောက်ကွဲတာ ခြောက်သွေ့တာမျိုးမဖြစ်စေဖို့အတွက် သံလွင်ဆီ (သို့) အုန်းဆီကိုလိမ်းပေးပါ။ အရင်ဆုံး ခြေထောက်ကို ချေးချွတ်ပေးပါ။ ကြမ်းပြင်နဲ့တိုက်ပြီးချေးချွတ်တာပဲဖြစ်ဖြစ် ချေးတွန်းတာပဲဖြစ်ဖြစ် သံပုရာသီးနဲ့ သကြား (သို့) ဆားရောပြီး ပွတ်တိုက် ချေးချွတ်တာပဲဖြစ်ဖြစ် လုပ်ပေးပါ။ ပြီးရင် ခြောက်အောင်သုတ်ပြီး သံလွင်ဆီ (သို့) အုန်းဆီလိမ်းပေးပြီး အိပ်ပါ။