သင့်ရဲ့အိပ်စက်မှုဟာ ကျန်းမာမှုနဲ့ တိုက်ရိုက်ဆက်စပ်မှုရှိနေပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေ၊ လေ့ကျင့်ခန်းတွေနဲ့အတူ ကောင်းမွန်ညီမျှတဲ့ အိပ်စက်မှုရှိဖို့ကလည်း အလွန်အရေးကြီးပါတယ်။ အိပ်စက်မှုကို အလေးမထားဘူးဆိုရင် ကျန်းမာပျော်ရွှင်တဲ့ဘဝတစ်ခုကိုလည်း ပိုင်ဆိုင်နိုင်မှာမဟုတ်ပါဘူး။ တစ်နေ့လျှင် အရွယ်ရောက်ပြီးသားလူတစ်ယောက်လိုအပ်တဲ့ အိပ်စက်ချိန်မှာ ၇ နာရီမှ ၈ နာရီဖြစ်ပါတယ်။

ညဖက်တွေမှာ အလွယ်တကူအိပ်မပျော်တာ၊ မကြာခဏလန့်နိုးတတ်တာတွေကြောင့်လည်း အိပ်စက်ရတာ အလွန်အခက်အခဲရှိနိုင်ပါတယ်။ ထိုကဲ့သို့ကောင်းကောင်းမအိပ်စက်ရဘူးဆိုရင် စိတ်ပိုင်းနှင့်ကိုယ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ဒါကြောင့် ဘယ်လိုအရာတွေက အိပ်ပျော်ဖို့အတွက် အနှောင့်အယှက်ဖြစ်စေနိုင်သလဲဆိုတာကို သိရှိပြီး ရှောင်ရှားနိုင်ရန်အတွက် ဖော်ပြပေးလိုက်ရပါတယ်။

၁။ အခန်းအပူချိန်

တနေ့တာပင်ပန်းလာခဲ့သည်နှင့်အမျှ ခန္ဓာကိုယ်ရဲ့အပူချိန်ကလည်း တဖြည်းဖြည်းကျဆင်းလာပြီး အိပ်စက်ဖို့ကို ဦးနှောက်ကအချက်ပြနေပါပြီ။ အလွန်ပူနွေးသည့်အခန်းတွင်းမှာအိပ်စက်ခြင်းက ခန္ဓာကိုယ်အပူချိန်ကို မြင့်တက်စေနိုင်ပြီး အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် နှစ်ခြိုက်စွာအိပ်ပျော်နိုင်ရန်အတွက် အခန်းအပူချိန်ကို အေးအေးလေးထားပေးပါ။

၂။ အိပ်ရာခင်းအဆင်မပြေခြင်း

အသုံးပြုပြီးသား သို့မဟုတ် အိပ်ရာခင်း၊ မွေ့ယာအဟောင်းများအပေါ်တွင် အိပ်စက်ခြင်းက သန့်ရှင်းမှုမရှိတာကြောင့် အိပ်စက်မှုကိုအနှောင့်အယှက်ဖြစ်စေကာ သင့်ကိုပင်ပန်းနွမ်းနယ်သလိုခံစားစေပြီး နိုးလာတဲ့အခါမှာလည်း စိတ်တိုမှုတို့ကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သန့်ရှင်းသပ်ရပ်မှုရှိပြီး သိပ်လည်းမမာ၊ သိပ်လည်းမပျော့သည့် အိပ်ရာခင်း၊ မွေ့ယာတို့ကို အသုံးပြုပေးပါ။

၃။ ဆေးလိပ်သောက်ခြင်း

စီးကရက်တွေမှာပါဝင်တဲ့ နီကိုတင်းက စိတ်ကြွရောဂါကိုဖြစ်စေနိုင်ရုံသာမကဘဲ သင့်ကိုနိုးကြားနေစေမှာဖြစ်လို့ အိပ်ပျော်ဖို့အခက်တွေ့လာနိုင်ပါတယ်။

၄။ အိပ်ရာထဲတွင်ဖုန်းသုံးခြင်း

ယနေ့အချိန်လူငယ်တွေ အလုပ်များနေသော အလေ့အကျင့်တစ်ခုဖြစ်တဲ့ အိပ်ရာထဲဖုန်းသုံးခြင်းဟာ လန်းဆန်းတက်ကြွမှုကိုဖြစ်ပေါ်စေတဲ့ ဟော်မုန်းများကိုထုတ်လုပ်ပေးပြီး ဖုန်းကိုအာရုံရောက်နေသည့်အတွက် ဦးနှောက်ကိုအလုပ်လုပ်နေစေတာကြောင့် အိပ်ပျော်ဖို့ခဲယဉ်းသွားနိုင်ပါတယ်။

၅။ ရေအေးဖြင့်မျက်နှာသစ်ခြင်း

ညဖက်မအိပ်မီ မိတ်ကပ်ဖျက်ခြင်းက ကောင်းသည့်အလေ့အထဖြစ်ပြီး ရေအေးနှင့်မျက်နှာသစ်ပေးခြင်းက ချွေးပေါက်များကို ကျဉ်းစေကာ မိတ်ကပ်အကြွင်းအကျန်များကို ဖယ်ရှားပေးနိုင်ပါတယ်။ သို့သော်လည်း ရေအေးနှင့်မျက်နှာသစ်သည့်အခါ ခန္ဓာကိုယ်ကိုလှုံ့ဆော်ပေးပြီး နွေးထွေးမှုရှိစေရန်နှင့် နိုးကြားမှုရှိစေရန် လုပ်လိုက်သလိုဖြစ်သွားပါတယ်။ ဒါကြောင့် ညနေပိုင်းအချိန်တွင် ကြက်သီးနွေးထရုံလောက်ရေဖြင့် မျက်နှာသစ်ပေးပြီး မနက်အိပ်ရာထသည့်အခါမှာတော့ ရေအေးနှင့်မျက်နှာသစ်ပေးနိုင်ပါတယ်။

၆။ နောက်ကျမှကော်ဖီသောက်ခြင်း

ညစာစားပြီးသည်နှင့် ကော်ဖီလုံးဝမသောက်မိရန် ကြိုးစားပါ။ ကဖင်းဓာတ်သည် သင့်ကိုတက်ကြွလန်းဆန်းစေတာကြောင့် အိပ်မပျော်မှုကို ဖြစ်စေကာ သင့်ကိုပင်ပန်းနွမ်းနယ်စေမှာဖြစ်ပါတယ်။ ဒါကြောင့် နေ့ခင်းအချိန်ကလွဲပြီး အိပ်ရာဝင်မဝင်ခင်အချိန်မှာ လုံးဝမသောက်သုံးပါနှင့်။

၇။ တိရစ္ဆာန်များကို အိပ်ရာထဲခေါ်အိပ်ခြင်း

တိရစ္ဆာန်များသည် စိတ်ပိုင်းနှင့်ကိုယ်ပိုင်းဆိုင်ရာ ကျန်းမာရေးအကျိုးကျေးဇူးများကို ပေးစွမ်းနိုင်တာမှန်သော်လည်း အိပ်ရာထဲခေါ်အိပ်ခြင်းက အိပ်စက်မှုကို အနှောင့်အယှက် ဖြစ်စေပါတယ်။