လူတိုင်းလူတိုင်းမှာ ချွဲသလိပ်တွေ၊ နှာရည်တွေရှိတယ်ဆိုတာကို မငြင်းဆိုနိုင်ကြသလို ကျန်းမာရေးဆောင်းပါးများရဲ့ ဖော်ပြချက်တွေအရ ထိုချွဲသလိပ်တွေနဲ့ နှာရည်တွေဟာ မမြင်ရတဲ့ အမှုန်အမွှားတွေကို တားဆီးပေးပြီး အင်ဇိုင်းတွေနဲ့ ပရိုတင်းတွေပါဝင်ခြင်းဖြင့် နေမကောင်းဖြစ်ခြင်းမှ ကာကွယ်ပေးတဲ့အရာတွေဖြစ်လို့ ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်အတွက် အလွန်အရေးကြီးပါတယ်။

သို့သော်လည်း တခါတရံ ချောင်းဆိုးလိုက်တဲ့အခါမှာ ချွဲသလိပ်တွေက အဝါရောင် သို့မဟုတ် အစိမ်းရောင်ဖြစ်နေတာကို တွေ့ရတတ်သလို အများအပြားထွက်လာပြီဆိုရင်တော့ ဒါဟာ ပြဿနာတစ်ခုခုဖြစ်နေပြီဆိုတာကို ညွှန်ပြနေတာပါပဲ။

ဒါကြောင့် ချွဲသလိပ်တွေ၊ နှာရည်တို့ အများအပြားထွက်ရခြင်းနဲ့ပတ်သက်လို့ လက္ခဏာရပ်များနဲ့ ကုသနည်းလမ်းများကို လေ့လာနိုင်ဖို့အတွက် ဖော်ပြပေးချင်ပါတယ်။

ဘာလို့ ချွဲသလိပ်တွေ၊ နှာရည်တွေ အများအပြားထွက်လာရတာလဲ

ခန္ဓာကိုယ်မှ ချွဲသလိပ်တွေ၊ နှာရည်တွေကို အချိန်ပြည့်ထုတ်လုပ်ပေးနေပြီး မသက်မသာဖြစ်သလိုမျိုး စတင်ခံစားလာရပြီဆိုရင်တော့ ထိုနှာရည်၊ ချွဲသလိပ်တွေရဲ့ အပျစ်အကျဲက ပြောင်းလဲလာလို့ကြောင့်ဖြစ်နိုင်ခြေများပါတယ်။

တအားလည်းပျစ်လာနိုင်သလို၊ တအားလည်စေးကပ်လာနိုင်ပြီး သင့်အပေါ်မှာ သက်ရောက်မှုတွေစတင်ဖြစ်လာနိုင်ပါတယ်။ အကြောင်းအရင်းကတော့ နှာခေါင်း၊ လည်ပင်းနှင့် အဆုတ်တို့ ယားယံခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။

ချွဲသလိပ်၊ နှာရည်တွေ အများအပြားထွက်ခြင်းရဲ့ လက္ခဏာရပ်များ

ရုတ်တရက်ကြည့်မယ်ဆိုရင်တော့ ဒီပြဿနာဟာ အန္တရာယ်မရှိလောက်ဘူးလို့ ထင်ရနိုင်ပေမယ့်လည်း အသက်ရှူလေလမ်းကြောင်း ပိတ်ဆို့သွားရင် စိတ်ပင်ပန်း လူပင်ပန်းဖြစ်လာစေနိုင်ပါတယ်။ ဒါဆိုရင် ချွဲသလိပ်၊ နှာရည်တွေနဲ့ ပတ်သက်လို့ ပြဿနာတစုံတရာဖြစ်နေပြီလားဆိုတာကို ဘယ်လိုသိနိုင်မလဲ?

ဒါကြောင့် ဒီလိုမျိုး ရောဂါနဲ့ပတ်သက်လို့ လက္ခဏာရပ်တွေနဲ့ အမှတ်အသားများကတော့ –

  • နှာရည်ယိုခြင်း
  • လည်ပင်းနာခြင်း
  • ချောင်းဆိုးခြင်း
  • နှာရိုးကိုက်ခဲခြင်း
  • နှာခေါင်းအတွင်း ပိတ်ဆို့မှုဖြစ်ပေါ်ခြင်း

နှင့်

  • နှာချေခြင်း တို့ပဲဖြစ်ပါတယ်။

ဖယ်ရှားနိုင်မယ့် နည်းလမ်းကောင်းများ

ပေါ်ပေါက်လာတဲ့ ရောဂါတွေကို ကိုယ်စားသောက်နေတဲ့ အစားအစာတွေ၊ ပြုမူတဲ့ အလေ့အကျင့်တွေ နဲ့ လူနေမှုပုံစံကို ပြောင်းလဲမှုလေးတွေ လုပ်ပေးခြင်းဖြင့် ကုသပေးနိုင်ပါတယ်။ အခုဖော်ပြပေးမယ့် နည်းလမ်းတွေကလည်း ပြဿနာကို ဖြေရှင်းပေးနိုင်ရုံသာမက ကျန်းကျန်းမာမာနဲ့ နေထိုင်နိုင်ဖို့အတွက်လည်း ကူညီပေးနိုင်ပါတယ်။

၁။ အရည်များများသောက်ပါ။

အရည်များများသောက်လေ ချွဲသလိပ်တွေ၊ နှာရည်တွေကလည်း ပိုပိုပြီး ပါးလေလေဖြစ်ပါတယ်။ အလာဂျီရှိတဲ့သူများအတွက်ဆိုရင် အလွန်ကိုမှအရေးကြီးပါတယ်။

ပထမစည်းမျဉ်းကတော့ ရေဓာတ်ပြည့်ဝနေဖို့ပါပဲ။ အအေးတွေ၊ သံပယိုဖျော်ရည်တွေမဟုတ်ဘဲ ရေများများသောက်ခြင်းက ခန္ဓာကိုယ်အတွင်းမှ ချွဲသလိပ်များ၊ နှာရည်များကို ဖယ်ရှားပေးခြင်းဖြင့် သန့်စင်ပေးမှာပါ။

၂။ လေကိုစိုစွတ်မှုရှိနေစေပါ။

ခြောက်သွေ့တဲ့လေတွေက နှာခေါင်းကိုယားယံစေပြီး နှာရည်ယိုခြင်းကိုဖြစ်စေပါတယ်။ အလာဂျီရှိတတ်သူများဆိုရင် လေခြောက်သွေ့တဲ့အခါမှာ ပိုပြီးနှာချေတတ်တာကို သတိထားမိမှာပါ။

ဒါကြောင့် စိုထိုင်းမှုထိန်းစက်ကို ညတိုင်းဖွင့်ပေးပါ။ အသုံးပြုတဲ့အခါမှာလည်း ရနံ့အဆီတစ်မျိုးမျိုးကို ထည့်သွင်းအသုံးပြုခြင်းက မွှေးရနံ့သင်းပျံ့စေပြီး ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေကို ရရှိစေမှာပါ။

၃။ ဆားရည်နဲ့ပလုတ်ကျင်းပါ။

ဒီလိုမျိုးလုပ်ပေးမယ်ဆိုရင် လည်ပင်းယားယံမှုကို လျော့နည်းသက်သာစေမှာဖြစ်တဲ့အတွက် ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ရေနွေးနွေးတစ်ခွက်ထဲထည့်ကာ တနေ့လျှင် မကြာခဏ ပလုတ်ကျင်းပေးပါ။

၄။ နှပ်ချေးညှစ်ပါ။

နှာခေါင်းထဲမှာဖြစ်လာတဲ့ နှာရည်တွေကိုညှစ်ပစ်ပါ။ ညှစ်တဲ့အခါမှာလည်း ညှင်သာစွာပြုလုပ်ပါ။ ဒီလိုပြုလုပ်ပေးခြင်းဖြင့် ကိုယ့်ကိုယ်ကို ပိုပြီးသန့်ရှင်းအောင်နှင့် ခံတွင်းပြဿနာများမှလည်း ကင်းရှင်းစေမှာဖြစ်ပါတယ်။

၅။ ကျန်းမာရေးနဲ့ညီညွတ်စွာ စားသုံးပါ။

ကျန်းမာရေးနဲ့ညီအောင် စားသုံးပါလို့ဆိုလိုက်တာနဲ့ စားစရာမရှိတော့ဘူးလို့ မထင်လိုက်ပါနဲ့။ ကိုယ့်အတွက်မကောင်းတဲ့ ချွဲသလိပ်၊ နှာရည်တွေကို လျော့နည်းစေဖို့အတွက် နေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာ

  • ဆော်လမွန်၊ တူနာ၊ ငါးခွေးလျှာ၊ ဆာဒင်း
  • ဖရုံသီး၊ နာနတ်သီး၊ ပန်းသီး၊ သံပုယိုသီး၊ သခွားသီး၊ ဂျင်း၊ ကြက်သွန်နီနှင့် ကြက်သွန်ဖြူ
  • ဆေးဖက်ဝင်သော ကာမိုမိုင်းလ် နှင့် ကဖိန်းဓာတ်နည်းသော လက်ဖက်ရည်များ
  • သံလွင်ဆီ

တို့ကို ထည့်သွင်းစားသုံးပါ။

၆။ ရင်ဘတ်မှချွဲတွေအတွက် ပျားရည်ကြပ်ထုပ်အသုံးပြုပါ။

ကြပ်ထုပ်ပြုလုပ်ဖို့အတွက် ပျားရည်ကို ဂျုံမှုန့်နည်းနည်းနဲ့ ရောစပ်ပါ။ သံလွင်ဆီနည်းနည်းထည့်၍ ဂျုံမှုန့်နည်းနည်းထဲမှာ နောက်တစ်ကြိမ်ထပ်လှိမ့်ပါ။ လက်သုတ်ပုဝါထဲမှာထည့်ပြီး ရင်ဘတ် သို့မဟုတ် ကျောမှာကပ်ပေးပါ။ လူကြီးဆိုရင်တစ်ညထားပေးကာ ကလေးဆိုရင်တော့ ညမအိပ်ခင် ၂-၃ နာရီထားပေးနိုင်ပါတယ်။

၇။ မုန့်ဖုတ်ဆိုဒါနှင့် ပျားရည်အရော ဖျော်ရည်ပြုလုပ်ပါ။

အဖျားရှိသူတွေနဲ့ အဆုတ်အတွင်းမှ အချွဲတွေကို ဖယ်ရှားလိုသူတွေအတွက် အထူးကောင်းမွန်တဲ့ အိမ်တွင်းနည်းတစ်လက်ပါ။

ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း နှစ်ပုံတစ်ပုံ၊ သံပုယိုရည် ၂-၃ စက်၊ ရေနွေးနွေးဖန်ခွက်တစ်ခွက်တို့ဖြင့် ရောစပ်ပါ။ မုန့်ဖုတ်ဆိုဒါပျော်ဝင်သွားတဲ့အထိ မွှေပေးပြီးရင် သောက်သုံးနိုင်ပါတယ်။

အဆုတ်ကို သန့်ရှင်းဖို့နှင့် ချောင်းဆိုးသက်သာစေဖို့အတွက် မှန်မှန်သောက်သုံးပါ။