အချို့လူတွေက အားကျစရာကောင်းလောက်အောင်ကို ခေါင်းနဲ့ခေါင်းအုံး ထိလိုက်တာနဲ့ကို အိပ်ပျော်သွားတတ်ကြပါတယ်။ ဒါပေမယ့်လည်း စိတ်မပူပါနဲ့။ ဒီလိုမျိုး လွယ်လွယ်ကူကူ အိပ်မောမကျနိုင်တဲ့ သူတွေအတွက် ကလေးလေးလိုမျိုး နှစ်ခြိုက်စွာအိပ်စက်နိုင်ဖို့ရာ ကူညီပေးနိုင်မယ့် ရိုးရိုးရှင်းရှင်း ယောဂလေ့ကျင့်ခန်းလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ နံရံပေါ်ခြေထောက်မှီထားခြင်း

နံရံကို မျက်နှာမူပြီး ခါးအောက်မှာ ခေါင်းအုံးထားကာ လှဲလိုက်ပါ။ ခြေဖနောင့်နဲ့ဒူးခေါင်းတွေ တညီတညာတည်းဖြစ်သွားအောင် ခြေထောက်နှစ်ဖက်ကို မြှောက်လိုက်ပြီး လက်နှစ်ဖက်ကို ဘေးကပ်ထားပါ။ နှစ်မိနစ်ကြာနေပြီးလျှင် ဒူးခေါင်းတွေကို ဖြည်းဖြည်းချင်းကွေးလိုက်၍ အခြားတစ်ဖက်ကို ရွှေ့လိုက်ပါ။

၂။ ဝဲလျားမှောက်နေခြင်း

ဝမ်းဗိုက်အောက်မှာ ခေါင်းအုံးကိုခံလိုက်ပြီး လက်ချောင်းတွေကို ကျောနောက်ဖက်မှာ ယှက်လိုက်ပါ။ အသက်ပြင်းပြင်းရှူလိုက်ပြီး ကျောဖက်နဲ့ခြေချောင်းတွေကို ကွေးလိုက်ကာ ခြေဖနောင့်နဲ့လက်တွေ ထိအောင်ကြိုးစားပါ။ ပြီးလျှင် ဖြည်းဖြည်းချင်းချလိုက်ပြီး အသက်ရှူထုတ်ပါ။

တစ်ခါလုပ်လျှင် ၁၀ ကြိမ်လုပ်ပေးဖို့လိုအပ်ပါတယ်။

၃။ ခြေထောက်နှစ်ဖက်ဆန့်ထုတ်ခြင်း

ခေါင်းအုံးကို ကိုယ့်ရဲ့အရှေ့မှာထားပြီး ခြေထေက်နှစ်ဖက်ကို တတ်နိုင်သမျှဆန့်ထုတ်ပြီး ထိုင်လိုက်ပါ။ ကျောကိုမတ်ထားပြီး အသက်ကိုပြင်းနိုင်သမျှ ပြင်းပြင်းရှူပေးပါ။ ပြီးလျှင် ဖြည်းဖြည်းချင်း ရှူထုတ်၍ လက်ကိုအရှေ့ဆန့်ထုတ်ပြီး ခေါင်းအုံးပေါ်မှောက်လိုက်ပါ။

ထိုပုံစံအတိုင်းမှာပဲ အသက်ကို ရှူလိုက်ထုတ်လိုက် ၁၀ ကြိမ်လုပ်ပေးပြီးနောက် ပြန်မတ်လိုက်ပါ။

၄။ ခြေထောက်ကွေးထားခြင်း

ခေါင်းအုံးပေါ်ကို ပက်လက်လှန်လိုက်ပြီး ခြေဖဝါးနှစ်ဖက်ကို ကပ်ထားပါ။ ခန္ဓာကိုယ်နှင့်အတူ လက်တွေကိုလည်း အကြောလျှော့ထားပြီး အသက်ကိုမှန်မှန်နဲ့ ပြင်းပြင်းရှူပေးပါ။ ထိုပုံစံအနေအထားမှာ ၃ မိနစ်နေပေးပါ။

၅။ လှဲနေစဉ် လှည့်ပေးခြင်း

ပက်လက်လှန်အနေအထားမှာ ဒူးခေါင်းတွေကို ကွေးပြီးပူးထားပါ။ ခြေထောက်နှစ်ဖက်ကို လက်နှင့်ကိုင်ထားပြီး ဘေးတစ်ဖက်သို့ ဖြည်းဖြည်းချင်းတိမ်းလိုက်ပါ။ ၁ မိနစ်ကြာနေပြီးလျှင် နောက်တစ်ဖက်သို့ပြောင်းလိုက်ပါ။ တဖက်ကို နှစ်ကြိမ်စီ လုပ်ပေးဖို့ လိုအပ်ပါတယ်။

၆။ ပက်လက်လှန်အနေအထား

ကျောအောက်မှာ ခေါင်းအုံးခံကာ ပက်လက်အနေအထားနဲ့ သက်သောင့်သက်သာနေပေးပါ။ လက်ဖဝါးလှန်ပြီးဘေးကပ်ကာ ခြေထောက်နှစ်ဖက်ကို အတန်ငယ်ချဲလိုက်ပါ။ ကျောရိုးနှင့်ဦးခေါင်းက တဖြောင့်တည်းရှိနေပါစေ။

အသက်ပြင်းပြင်းသုံးခါရှူကာ နှာခေါင်းကနေပြီး လေပြန်ထုတ်လိုက်ပါ။ ပြီးလျှင် ပုံမှန်အတိုင်း အသက် (၄) ခါ ပြန်ရှူရှိက်ပါ။

ယခုဖော်ပြပေးခဲ့တဲ့ လေ့ကျင့်ခန်းလေးတွေကို အိပ်ရာဝင်ခါနီး လုပ်ဆောင်ပေးမယ်ဆိုရင် အကြောအချင်တွေလည်း ပြေစေပြီး မကြာခင်အတွင်းမှာပဲ နှစ်ခြိုက်စွာအိပ်ပျော်သွားနိုင်မှာပါ။