ဒေါက်ဖိနပ်စီးတဲ့သူတိုင်း အချိန်ပေးပြီး ဖတ်ကြည့်သင့်ပါတယ်။ ဒေါက်ဖိနပ်စီးတာက လှပကျော့ရှင်းတာမှန်ပေမယ့်လည်း နောက်ဆက်တွဲမှာတော့ ကျန်းမာရေးဆိုင်ရာဆိုးကျိုးတွေ ရရှိလာနိုင်ပါတယ်။ ဒါကြောင့် ဒေါက်ဖိနပ်ကို အမြဲစီးရင် ဘာတွေဖြစ်လာနိုင်မလဲဆိုတာကို ပြောပြပေးလိုက်ပါတယ်။

ခြေဖဝါးနာကျင်ခြင်း

ဒေါက်ဖိနပ်ကို အကြာကြီးစီးပြီး ဖိနပ်ချွတ်ကြည့်လိုက်တာနဲ့ ခြေဖဝါးတွေ နာကျင်နေတာကို ခံစားရမှာပါ။ တစ်ရက်ထဲ အကြာကြီးစီးရင်တောင် နာကျင်ရတာဆိုတော့ အမြဲတမ်းသာစီးမယ်ဆိုရင် ဒဏ်တစ်ခု ဖြစ်သွားနိုင်ပါတယ်။

ခါးနာခြင်း

ဒေါက်ဖိနပ်အမြဲစီးရင် သိသိသာသာခံစားရမှာကတော့ ခါးနာတာပါ။ ဘာမှမလုပ်ပဲ တစ်ချိန်လုံးခါးနာတာမျိုး ဖြစ်လာနိုင်ပါတယ်။ ဒီလိုခါးနာလာရင် ဆေးခန်းတောင်သွားစရာမလိုပါဘူး။ ဒေါက်ဖိနပ်စီးတာကိုသာရပ်လိုက်ရင် သက်သာသွားပါလိမ့်မယ်။ ဆက်စီးနေမယ်ဆိုရင်တော့ နာတာရှည်ခါးနာတာမျိုး ဖြစ်သွားပါလိမ့်မယ်။

ဒူးခေါင်းနဲ့ တင်ပဆုံနာကျင်ခြင်း

ဒေါက်ဖိနပ်ခဏလေးစီးတာက ဘာမှမဖြစ်ပါဘူး။ တစ်ခါတစ်လေစီးတာလည်း ဘာမှမဖြစ်ပါဘူး။ ခြေထောက်နာတာလောက်ပဲ ဖြစ်မှာပါ။ ဒါပေမယ့် အမြဲတမ်းစီးနေမယ်ဆိုရင်တော့ ဒူးခေါင်းနဲ့ တင်ပဆုံနေရာက နာကျင်ပြီး ညောင်းညာကိုက်ခဲလာတာမျိုး ဖြစ်လာပါတယ်။

အရိုးအဆစ်ရောင်ရမ်းနာကျင်ခြင်း

ဒေါက်ဖိနပ်စီးရင် ခြေထောက်မှာ အရမ်းအားထည့်ထားရတာဖြစ်တဲ့အတွက် အချိန်ကြာလာတော့ အရိုးအဆစ်တွေကမခံနိုင်တော့ပဲ ရောင်ရမ်းနာကျင်လာတာမျိုး ဖြစ်လာတာပါ။ ဒီလိုမျိုးတွေခံစားလာရရင် ဒေါက်ဖိနပ်စီးတာကို ရပ်လိုက်သင့်ပါပြီ။

ခြေထောက်ကြွက်သားနာကျင်ခြင်း

ဒေါက်ဖိနပ်စီးရင် ခြေထောက်ကြွက်သားတွေနာကျင်တာကတော့ ခဏလေးစီးတာတောင် ဖြစ်တတ်ပါတယ်။ ရေရှည်ဒေါက်ဖိနပ်စီးတဲ့သူတွေဆို ပိုဆိုးသွားတာပေါ့။ ဒဏ်တစ်ခုလို ဖြစ်သွားတာပါ။ ဒါ့အပြင် ခြေထောက်အရွတ်လေးတွေလည်း အားနည်းလာနိုင်ပါတယ်။

ခြေထောက်အစိတ်အပိုင်းပြောင်းလဲခြင်း

ဒေါက်ဖိနပ်စီးထားရင် ခြေဖဝါးထောက်ထားသလိုဖြစ်နေတဲ့အတွက် အချိန်ကြာလာတဲ့အခါမှာတော့ ခြေထောက်မှာ တစ်ခုနဲ့တစ်ခုဆက်နေတဲ့ အရိုးအဆစ်လေးတွေက နေရာလွဲသွားတာမျိုးတွေဖြစ်တတ်ပါတယ်။ ခြေချောင်းတွေကိုဆက်ထားတဲ့အရိုးတွေကလည်း နေရာလွဲပြီး အစိတ်အပိုင်းတွေ ပြောင်းလဲသွားနိုင်ပါတယ်။ တစ်ခါတစ်လေမှာ အခန့်မသင့်ရင် ခြေထောက်အသားကျေတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။

Photo Source: www.womensok.com