MyHealth Myanmar မှ ပြန်လည်ကြိုဆိုပါတယ်။ အခုလိုအချိန်မှာ အသက်အရွယ်မရွေး အဆစ်အမြစ်နာကျင်ကိုက်ခဲ့ခြင်းကို ကြုံတွေ့နေရပါတယ်နော်။ အဲဒါကလည်း တချို့အရာတွေမှာ အအေးခံ၊ အညောင်းခံလို့ဖြစ်တတ်သလို အစားအသောက်များကြောင့်လည်း ဖြစ်တတ်ပါတယ်။ သင့်ရဲ့ဒူးဆစ်များ နာကျင်ကိုက်ခဲတတ်တာကြောင့် အထိုင်အထ အဆင်မပြေဖြစ်နေပြီလား။ အချိန်အကြာကြီး ထိုင်နေရလို့ တင်ပါးများ ညောင်းညာကိုက်ခဲနေပြီလား။ ဒါဆိုရင်တော့ သင့်ရဲ့ အဆစ်အမြစ်များ ရောင်ရမ်းနေပါပြီ။

အဆစ်အမြစ်များ နာကျင်ကိုက်ခဲခြင်း၊ ရောင်ရမ်းခြင်းမှ ကာကွယ်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အစားအစာများကို စားသုံးပေးပါနော်..

ချယ်ရီသီး

သက်တံရောင် အစားအစာများ စားသုံးပါ ဆိုတဲ့ စကားစုလေးကို သင် ကြားဖူးပါသလား။ ထိုစကားရဲ့ဆိုလိုရင်းကတော့ သင် စားသုံးလိုက်တဲ့ အစားအစာနဲ့ ဟင်းသီဟင်းရွက်များကို အရောင်စုံလင်စွာ စားသုံးခိုင်းတာပဲဖြစ်ပါတယ်။

မိမိစားသုံးလိုက်တဲ့အစားအစာက အရောင်ပိုစုံလေ Antioxidants များ ပိုမိုကြွယ်ဝလေပဲဖြစ်ပါတယ်။ ချယ်ရီသီးကတော့ Antioxidants များ ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် အဆစ်အမြစ်များ နာကျင်ကိုက်ခဲခြင်းကို သက်သာပျောက်ကင်းစေမှာပဲဖြစ်ပါတယ်။

ဂျင်း

ဟင်းခတ်ပစ္စည်းအဖြစ်အသုံးပြုတဲ့ ဂျင်းမှာ Antioxidants များ ကြွယ်ဝစွာပါဝင်ပါတယ်။ အရိုးအဆစ်များရောင်ရမ်းခြင်းကို ၄၀ ရာခိုင်နှုန်းခန့် သက်သာစေတဲ့ အစွမ်းသတ္တိများလည်း ဂျင်းထဲမှာ ပါဝင်ပါတယ်။

ငါး

ငါးကြီးဆီမှာ အိုမီဂါသရီး ဖက်တိအက်ဆစ်များ ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် အဆစ်ရောင်ရောဂါ ခံစားရသူတွေ စားသုံးသင့်တဲ့ အစားအစာတစ်ခုပဲဖြစ်ပါတယ်။ ငါးထဲမှာပါဝင်တဲ့ ဗီတာမင်ဒီနဲ့ ကယ်လ်စီယမ်ဓာတ်တို့က ပူးပေါင်းစွာအလုပ်လုပ်ဆောင်လိုက်တဲ့အခါမှာတော့ အရိုးအဆစ်များကို သန်မာစေပါတယ်။

သစ်ကြားသီး

ငါးကဲ့သို့ပဲ သစ်ကြားသီးတွေမှာ ရောင်ရမ်းခြင်းကို လျော့ချပေးနိုင်တဲ့ အိုမီဂါသရီး ဖက်တိအက်ဆစ်နဲ့ Antioxidants များ ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါတင်မကသေးပါဘူး။ သစ်ကြားသီးက ကင်ဆာရောဂါနဲ့ ဆီးချိုရောဂါ ဖြစ်ပွားခြင်းတို့မှလည်း ကာကွယ်ပေးပါသေးတယ်။

ကိုက်လန်

ကိုက်လန်ရွက်မှာ ပါဝင်တဲ့ ဗီတာမင်စီက အရွတ်များ၊ အဆစ်များ နာကျင်ကိုက်ခဲခြင်း၊ ကြွက်သားများ နာကျင်ကိုက်ခဲခြင်းတို့ကို သက်သာစေပြီး ကယ်လ်စီယမ်ဓာတ်ကတော့ အရိုးအဆစ်များကို သန်မာစေပါတယ်။

ထောပတ်သီး

ထောပတ်သီးကို မှန်မှန်စားသုံးပေးမယ်ဆိုရင်တော့ သင့် ခန္ဓာကိုယ်က အိုမီဂါသရီး ဖက်တိအက်ဆစ်ဓာတ်များ ရရှိတာကြောင့် အရိုးအဆစ်များ ရောင်ရမ်းခြင်းကို လျော့ပါးသက်သာစေပါတယ်။