လက်အသားအရေတွေ ခြောက်သွေ့နေတဲ့အချိန်မှာ လက်ဆေးတဲ့အခါ၊ ဓာတုပစ္စည်းတွေကိုင်တဲ့အခါ ဒါမှမဟုတ် လက်အိတ်တွေ ဝတ်တဲ့အခါတွေဆိုရင် ဘယ်လောက်တောင် နေလို့ထိုင်လို့အဆင်မပြေဘူးလဲဆိုတာကို သင်သေချာပေါက်သိမှာပါ။

အကယ်လို့ လက်ရှိ သင့်လက်ချောင်းလေးတွေ အသားအရေတွေရဲ့အခြေအနေက ခြောက်သွေ့ကြမ်းတမ်းနေတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အိမ်တွင်းနည်းလမ်းလေးတွေနဲ့ ပြန်လည်စိုပြေလာအောင် ပြုလုပ်လိုက်ပါ။

၁။ ရှားစောင်းလက်ပတ်

အသားအရေအတွက် အင်မတန် အစွမ်းထက်တဲ့ ရှားစောင်းလက်ပတ်ဟာ အစိုဓာတ်ကိုဖြည့်တင်းပေးနိုင်တာကြောင့် နေလောင်ဒဏ်ရာများအတွက် အထူးကောင်းမွန်ပါတယ်။ ရှားစောင်းလက်ပတ်တစ်ရွက်ကိုယူပြီး အတွင်းကဂျယ်လ်တွေ ထုတ်ယူလိုက်ပါ။ ပြီးရင် ခြောက်သွေ့နေတဲ့ နေရာတွေပေါ်မှာလိမ်းပေးလိုက်ပါ။

အသားအရေကို ပြန်လည်စိုပြေလာစေရုံသာမက ရောဂါပိုးတွေကူးစက်ခြင်းမှလည်း ကာကွယ်ပေးမှာဖြစ်ပါတယ်။

၂။ သံလွင်ဆီ

သံလွင်ဆီဟာဆိုရင်လည်း အသားအရေကို အစိုဓာတ်ဖြည့်တင်းပေးနိုင်တဲ့ သဘာဝအဆီတစ်မျိုးဖြစ်ပါတယ်။ Antioxidants တွေနဲ့ ဗီတာမင်အီ၊ ကေ တို့ ပါဝင်တာကြောင့် အသားအရေကို ပိုပြီးတော့ နူးညံ့ချောမွေ့လာစေမှာပါ။

သံလွင်ဆီ လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာကိုယူပြီး ခြောက်သွေ့နေတဲ့ အသားအရေပေါ်မှာ ပွတ်လိမ်းပေးလိုက်ပါ။

၃။ ထောပတ်သီး

ထောပတ်သီးတွေမှာ သဘာဝ ဖက်တီးအက်စစ်ပါဝင်တာကြောင့် ပျက်စီးကြမ်းတမ်းနေတဲ့ ဆံကေသာများကို ပြန်လည်နူးညံ့လာစေကာ အသားအရေကိုလည်း ပြန်လည်စိုပြေလာစေနိုင်ပါတယ်။

ထောပတ်သီးနှင့်ပျားရည်တို့ကိုရောစပ်ကာ ရလာတဲ့အနှစ်ကို ၁၀ မိနစ် ၁၅ မိနစ်လောက်အုပ်ထားပေးလိုက်ပါ။

၄။ နို့

အစားအသောက်အနေနဲ့ အရသာရှိရုံသာမက အသားအရေအတွက်လည်း ကောင်းကျိုးတွေပေးစွမ်းနိုင်တဲ့ နွားနို့ရဲ့ Lactic Acid ဟာဆိုရင် အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အစိုဓာတ်ကိုထိန်းသိမ်းပေးပါတယ်။

အဝတ်တစ်ခုကို အအေးခံထားတဲ့ နွားနို့ထဲနှစ်လိုက်ပြီး ခြောက်သွေ့ယားယံနေတဲ့ အသားအရေပေါ်မှာ ၅ မိနစ်လောက်အုပ်ပေးလိုက်ပါ။ ပြီးရင်တော့ သာသာယာယာလေး ရေဆေးပေးလိုက်ပါ။