တနေ့လျှင် အသီးအနှံတွေကို တစ်ပန်းကန်စားပေးခြင်းဖြင့် သင့်ကျန်းမာရေးကို လုံးဝပြောင်းလဲသွားစေနိုင်ပါတယ်။ အသီးတွေမှာ ခန္ဓာကိုယ်အတွင်းရှိ အရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်းတွေ ပုံမှန်လည်ပတ်နိုင်စေဖို့ ဗီတာမင်၊ သတ္တုဓာတ်၊ ဖိုက်ဘာတွေနဲ့ Antioxidants တို့ အမြောက်အမြားပေါင်းစပ်ပါဝင်နေပါတယ်။ ကယ်လိုရီပါဝင်မှုနည်းပါးတဲ့ အချိုပွဲ၊ မုန့်သရေစားများလည်း ပြုလုပ်နိုင်ပြီး ကိုယ်အလေးချိန်လျော့ချရာမှာ မပါမဖြစ်ပါ။

ဒါပေမယ့်လည်း ဘယ်အရာဖြစ်ဖြစ် ဆက်တိုက်အများကြီးစားမယ်ဆိုရင်တော့ ဆိုးရွားလာနိုင်ပါတယ်။ အသီးတွေလည်း ထိုနည်းတူဖြစ်လို့ အသီးတွေနဲ့ပဲ Diet လုပ်ခြင်းရဲ့ ဆိုးကျိုးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ ပရိုတင်းကုန်ခမ်းလာခြင်း

Gym ကစားသည်ဖြစ်စေ၊ မကစားသည်ဖြစ်စေ ဆီလျှော်သင့်တော်မှုရှိတဲ့ Diet က လိုကိုလိုအပ်ပါတယ်။ နေ့စဉ်လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ဖို့ လိုအပ်တဲ့ ကြွက်သားသန်မာမှုရှိစေဖို့ ပဲနီကလေးများ၊ နို့၊ ဒိန်ခဲ၊ အသားတို့ကိုပါ စားသုံးပေးရမှာဖြစ်ပါတယ်။

၂။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီတွေနည်းပါးလာခြင်း

ပဲ၊ သံလွင်သီး၊ canola အဆီတို့ဟာ ကျန်းမာသန်စွမ်းတဲ့ အသားအရေနဲ့ ဆံကေသာအတွက် လိုအပ်ပါတယ်။ ဒါ့အပြင် အခြား ဗီတာမင်နှင့် သတ္တုဓာတ်များကို ခန္ဓာကိုယ်မှ စုပ်ယူနိုင်ဖို့ အဆီလိုအပ်ပါတယ်။ ဒီလိုပြောလို့လည်း အသင့်စားအစားအစာတွေကို စားပေးရမယ်လို့ မဆိုလိုပါဘူးနော်။

၃။ လုံလောက်တဲ့ကယ်လိုရီကို မရရှိတော့ခြင်း

ကျန်းမာကြံ့ခိုင်တဲ့ အရွယ်ရောက်သူတစ်ယောက်ဟာ 1100-2000 ဝန်းကျင်ရှိတဲ့ ကယ်လိုရီကို လိုအပ်ပါတယ်။ လုံလောက်တဲ့ ကယ်လိုရီမရှိပါက ခန္ဓာကိုယ်အားနည်းသလိုခံစားရပြီး ပုံမှန်လည်း အလုပ်လုပ်နိုင်တော့မည်မဟုတ်ပေ။ ကိုယ်ခံအားကိုလည်း ကျဆင်းသွားစေနိုင်လို့ ရောဂါများဝင်ရောက်လာနိုင်ပါတယ်။

၄။ သွေးချိုပမာဏမြင့်တက်သွားနိုင်ခြင်း

အသီးတွေကိုစားတဲ့အခါမှာ ပထမဦးဆုံးသတိထားရမှာက သူတို့ရဲ့ Glycemic Index ranking ပဲဖြစ်ပါတယ်။ GI မြင့်လေလေ သွေးချိုပမာဏ မြင့်တက်နိုင်ခြေလည်း တိုးလေလေဖြစ်ပါတယ်။ အသီးတွေကိုပဲ နေ့စဉ်ရက်ဆက်စားသုံးမယ်ဆိုရင် သွေးချိုပမာဏလည်း အဆုံးမရှိ တက်လာနိုင်ပြီး ကိုယ်အလေးချိန်တက်လာရုံသာမက ပန်ကရိယကင်ဆာကိုပါ ဖြစ်လာစေနိုင်ပါတယ်။

၅။ အစာမကြေတဲ့ပြဿနာများ

အသီးအများကြီးစားတဲ့အခါ ခန္ဓာကိုယ်အတွင်း လိုအပ်တာထက်ပိုပြီး ဖိုက်ဘာစုပြုံသွားနိုင်ပြီး ရေဓာတ်ကုန်ခမ်းခြင်း၊ ဂတ်စ်ထခြင်း၊ ဖောရောင်ခြင်း၊ ကြွက်တက်ခြင်းတို့ကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ဒါ့အပြင် ဝမ်းလျှောခြင်းကနေလည်း အသက်အန္တရာယ်ရှိလာနိုင်ပါတယ်။

Featured Image Source: Freepik