ရေယုန်ဆိုတဲ့ရောဂါဟာ လူတစ်ဦးနဲ့တစ်ဦး နီးနီးစပ်စပ်နေတဲ့အခါမှာ အလွယ်တကူကူးစက်နိုင်တဲ့ ဗိုင်းရပ်စ်တစ်မျိုးဖြစ်ပါတယ်။ အမျိုးသားရော အမျိုးသမီးမှာပါ ရေယုန်ပေါက်တတ်ပြီး လူတစ်ဦးနဲ့တစ်ဦးထိတွေ့တာအပြင် နေရောင်ခြည်နဲ့ထိတွေ့မှုလွန်ကဲခြင်း၊ ဟော်မုန်းညီမျှမှုမရှိခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ အစားအသောက်မတည့်ခြင်း၊ တံတွေးများနှင့် တိုက်ရိုက်ထိတွေ့ခြင်း စတဲ့ အကြောင်းအရင်းတွေကြောင့် ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် ဒီလိုနေမသိထိုင်မသာဖြစ်စေမယ့် ရေယုန်ရဲ့ပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

ရေခဲကပ်ခြင်း

အပူဖြစ်ဖြစ်၊ အအေးဖြစ်ဖြစ် ကပ်ပေးခြင်းက ရေယုန်ပေါက်ခြင်းကြောင့် ဖြစ်လာရတဲ့ နာကျင်ယောင်ရမ်းမှုနဲ့ အခြားမသက်မသာဖြစ်ခြင်းတို့ကို သက်သာစေနိုင်ပါတယ်။

ရေခဲတုံးအနည်းငယ်ကို အဝတ်ပါးပါးတစ်ခုထဲ ထည့်ချည်ပြီး ရေယုန်ဖြစ်နေတဲ့ နေရာတွေကို ညှင်သာစွာ ဖိပေးပါ။ ၁၅ မိနစ်လောက်ထားပေးပြီးရင် ခဏနား၍ နောက်တစ်ခေါက်ပြန်လုပ်ပေးပါ။ အနာသက်သာသွားသည်အထိ တနေ့လျှင် မကြာမကြာလုပ်ပေးပါ။

ပန်းသီးရှာလကာရည်

ပန်းသီးရှာလကာရည်က အသားအရေရဲ့ pH levels ကို ထိန်းညှိပေးလို့ ယားယံမှုနဲ့ ကျိန်းစပ်စပ်ဖြစ်ခြင်းကို လျော့ကျစေပါတယ်။

ပန်းသီးရှာလကာရည်အနည်းငယ်ကို ပန်းကန်လုံးအသေးထဲထည့်ပြီး ဂွမ်းလုံးကိုနှစ်ပေးပါ။ ပြီးရင် ရေယုန်ပေါက်နေတဲ့ အသားအရေနေရာပေါ်မှာ သုတ်လိမ်းပေးပြီး မိနစ်အနည်းထားပေးပါ။ ပြီးလျှင်တော့ ရေနွေးနွေးလေးနဲ့သန့်စင်ပြီး အသားအရေကို ခြောက်အောင်သုတ်ပေးပါ။ တစ်နေ့လျှင် သုံးကြိမ်- လေးကြိမ်လုပ်ဆောင်ပေးပါ။

ကြက်သွန်ဖြူ

Antimicrobial, Antiviral နှင့် Anti-inflammatory ဓာတ်သတ္တိတို့ကြွယ်ဝတဲ့ ကြက်သွန်ဖြူကိုလည်း ရေယုန်နဲ့ အခြားပေါက်နာများအတွက် အသုံးပြုပေးနိုင်ပါတယ်။ ကြက်သွန်ဖြူ ၂ မြွှာကို ကြေအောင်ထောင်းပေးပြီး ရေယုန်အနာပေါ်မှာ ၁၅ မိနစ်ခန့်ထားပေးပါ။ အချိန်ပြည့်လျှင် ဖယ်လိုက်ပြီး အရှင်းပျောက်ကင်းသွားသည်အထိ တနေ့လျှင် ၂ ကြိမ် မှ ၃ ကြိမ် အထိ လုပ်ဆောင်ပေးပါ။

နွယ်ချိုမြစ်

နွယ်ချိုမြစ်ထဲမှ Glycyrrhizin ဓာတ်က ရေယုန်ကိုဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်ပိုးတွေကို ကုသရန်ကုညီပေးပြီး ကိုယ်ခံအားလည်းမြှင့်တင်ပေးပါတယ်။

နွယ်ချိုအမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ရေ လက်ဖက်ရည်ဇွန်း တဝက်ခန့်နဲ့ ရောစပ်ပြီး အနှစ်ရအောင်မွှေပေးပါ။ ပြီးသွားလျှင် ရေယုန်ပေါက်နေသည့်နေရာပေါ်မှာ သုတ်လိမ်းပေးပြီး နာရီအနည်းငယ်ကြာအောင် ထားထားပေးပါ။ အချိန်ပြည့်သွားလျှင် ရေနဲ့သစ်ဆေးပြီး ခြောက်အောင် သုတ်ပေးပါ။ အရှင်းပျောက်သွားသည်အထိ တနေ့လျှင် ၄ကြိမ်လောက် လုပ်ဆောင်ပေးပါ။