လူတိုင်းလူတိုင်းက နုပျိုချင်ကြတာပါပဲ။ အဲ့ဒီ့အတွက် ရှာဖွေလိုက်ရတဲ့ဆေးဝါးတွေ၊ ထုတ်လုပ်လိုက်ရတဲ့အလှကုန်ပစ္စည်းတွေလည်းမနည်းတော့ပါဘူး။ တချို့ဆို ပိုက်ဆံသိန်းပေါင်းများစွာ အကုန်ခံပြီးတောင် ဆေးတွေထိုးလာကြပါတယ်။ ဘယ်လောက်ပဲမဆို သဘာဝကိုအန်တုပြီးလုပ်တဲ့ အရာမှန်သမျှက ဘယ်တော့မှမတည်မြဲပါဘူး။

ဒါဆို မျက်နှာပေါ်ကအရေးကြောင်းတွေ၊ အရေပြားခြောက်သွေ့မှုတွေကို ဘယ်လိုမောင်းထုတ်မလဲ။ မပူပါနဲ့။ ကိုယ့်ရဲ့စားသောက်ပုံစနစ်ကို ပြောင်းပေးလိုက်ရုံနဲ့ လှပပျိုမြစ်တဲ့ အသားအရေပိုင်ဆိုင်ရမှာပါ။

၁။ ထောပတ်သီး

အသားအရေဝင်းပဖို့အတွက် ထောပတ်သီးက အကောင်းဆုံးဆေးပါ။ ဘာကြောင့်လဲဆိုတော့ သူတို့မှာအဆီဓာတ်ကြွယ်ဝနှုန်းများလို့ပါပဲ။ တချို့တွေက ဝိတ်လျှော့ဖို့အတွက် ထောပတ်သီးကိုရှောင်ကြပါတယ်။ တကယ်တမ်းဆိုမမှန်ပါဘူး။ ထောပတ်သီးမှာ ပါဝင်တဲ့အဆီအက်စစ်က ကောင်းတဲ့ကိုလက်စထရောတွေကို ထုတ်လုပ်ပေးတဲ့အတွက် ကိုယ်အလေးချိန်မတက်စေပါဘူး။ ကောင်းတဲ့ကိုလက်စထရောတွေက အရေပြားကိုကျန်းမာစေဖို့ ဟော်မုန်းတွေကို ထုတ်လုပ်ပေးပါတယ်။ ဒါကြောင့်မို့လည်း အသားအရေကို နူးညံ့ပြီး ငယ်ရွယ်နုပျိုစေပါတယ်။

ထောပတ်သီးက ကျန်းမာရေးအကျိုးကျေးဇူးတွေရရှိဖို့ဆိုရင် တစ်နေ့ကို အနည်းဆုံး တစ်ဝက်ခန့်စားပေးသင့်ပါတယ်။ ကိုယ်ကြိုက်တဲ့သစ်သီးဖျော်ရည်ထဲလည်းရောသောက်လို့ရပါတယ်။

၂။ ဥများ

ဥတွေမှာပါဝင်တဲ့ HDL ကိုလက်စထရောတွေက လှပချောမွတ်တဲ့အရေပြားရရှိဖို့အတွက် ဟော်မုန်းတွေကိုထုတ်လုပ်ပေးပါတယ်။ဥတွေစားသုံးပေးခြင်းဖြင့် ကောင်းတဲ့ကိုလက်စထရောနှုန်းကို တိုးမြှင့်ပေးရုံသာမကပဲ ပရိုတင်းဓာတ်တွေပါ အလုံအလောက်ရရှိမှာပါ။

နေ့တိုင်း ကြက်ဥပြုတ်တစ်လုံးစားပေးပါ။

၃။ အစိမ်းရင့်ရောင်အရွက်များ

ကိုက်လန်၊ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနယ် အစရှိတဲ့အစိမ်းရင့်ရောင် အရွက်တွေမှာ sulphorafane နဲ့ indole-3 carbinol လိုခေါ်တဲ့သဘာဝဒြပ်ပေါင်းတွေပါဝင်ပါတယ်။ အဲ့ဒီ့ဒြပ်ပေါင်းတွေက အက်စထရိုဂျင် ဟော်မုန်းဓာတ်ရရှိဖို့ အသည်းနဲ့ပေါင်းစပ်အလုပ်လုပ်ပါတယ်။ အက်စထရိုဂျင်က နုပျိုလန်းဆန်းတဲ့အသားအရေအတွက် အကောင်းဆုံးဟော်မုန်းပါ။ ဒီ့အပြင် အရေးကြောင်းတွေကို ပျောက်ကင်းစေနိုင်ပြီး အသားအရေကို သူ့အလိုလိုပြုပြင်နိုင်စွမ်းလည်းပေးပါတယ်။

နေ့တိုင်း ဇလုံတစ်ဝက်စာလောက်စားပေးပါ။

အရွယ်တင်နုပျိုစေမယ့်လျှို့ဝှက်ချက်ကို သိရပြီဆိုတော့ မနက်ဖြန်ကစပြီး စတင်စားသုံးပေးပါ။ တစ်နေ့ကို ရေ (၈) ဖန်ခွက်သောက်ဖို့လည်း မမေ့ပါနဲ့နော်။ ဒါမှသာ အသားအရေကို ရေဓာတ်အလုံအလောက်ပေးနိုင်မှာပါ။