အချိန်မပေးနိုင်ခြင်းကြောင့်ဖြစ်စေ၊ ငွေကြေးအကုန်အကျမခံနိုင်သောကြောင့်ဖြစ်စေ စသည့်အကြောင်းအရင်းတို့ကြောင့် ကိုယ်အလေးချိန် လျော့ကျလိုသော်လည်း လက်တွေ့တွင်လိုက်လံမလုပ်ဆောင်နိုင်သူများလည်း ရှိပါတယ်။ ထိုသို့သောသူများမှာ အချိန်ပေးပြီး Gym သွားစရာမလိုဘဲ ယခုဖော်ပြမည့် လွယ်ကူရိုးရှင်းသောနည်းလမ်းလေးတွေကို လိုက်နာလုပ်ဆောင်ပါက အဆီပိုတွေဖယ်ရှားနိုင်ကာ ကိုယ်အလေးချိန် ပြောင်းလဲသွားစေနိုင်မှာဖြစ်ပါတယ်။

တနေ့တာကိုလေ့ကျင့်ခန်းနှင့်အစပြုပါ။

မနက်မိုးလင်းကတည်းက ပထမဦးဆုံးအနေနှင့် လေ့ကျင့်ခန်းပြုလုပ်ခြင်းသည် မနက်စာစားပြီးမှလုပ်ဆောင်ခြင်းထက် ၂၀ ရာခိုင်နှုန်းပိုမိုပြီး အဆီတွေကိုလောင်ကျွမ်းစေနိုင်ပါတယ်။ ၁၀ မိနစ်အချိန်ပေးရုံဖြင့် လုံလောက်ပါတယ်။

အတက်အဆင်းပြုလုပ်ပေးပါ။

၁၀ မိနစ်မျှ လှေကားထစ်များကို အတက်အဆင်းလုပ်ပေးခြင်းသည် ကယ်လိုရီပေါင်း ၁၀၀ ခန့်ကိုလောင်ကျွမ်းစေနိုင်ရုံသာမက ခန္ဓာကိုယ်ရှိအသားအရေကို တင်းတင်းရင်းရင်းရှိစေမှာဖြစ်ပါတယ်။

အနည်းအကျဉ်းနဲ့ထိရောက်အောင်လုပ်ပါ။

ယခင်နာရီဝက်လုပ်ခဲ့ရသည့် အချိန်အစား ၁၀ မိနစ်အတွင်းမှာ သေချာကြိုးစားအားစိုက်ပြီးလုပ်လိုက်မယ်ဆိုရင်ဖြင့် တူညီသည့်ရလဒ်ကို ရရှိနိုင်ပါတယ်။ ထို့ကြောင့်အချိန်အများကြီးမပေးလိုလျှင် နည်းနည်းလေးနဲ့ထိရောက်အောင် လုပ်ပေးပါ။

နှစ်ခြိုက်စွာအိပ်ပါ။

၈နာရီခွဲခန့်အိပ်စက်သည်ထက် ၅ နာရီခွဲအိပ်စက်သူများသည် ၅၅ ရာခိုင်နှုန်းပို၍ အဆီလျော့နည်းသွားနိုင်တယ်လို့ ဖော်ပြထားပါတယ်။ အိပ်ချိန်နည်းနည်းသာရရှိသောကြောင့် ညဖက်အချိန်တွင် လွယ်ကူနှစ်ခြိုက်စွာအိပ်စက်စေနိုင်သည့် အစားစာများကိုစားသောက်ပေးပါ။

လမ်းလျှောက်ပေးပါ။

၁၅ မိနစ်ခန့်မျှ လမ်းလျှောက်ပေးခြင်းသည် ထိုအချိန်အတိုင်းထိုင်နေခြင်းမှ ရရှိလာမည့်အဆီတွေကို သုံးဆလောင်ကျွမ်းစေနိုင်ပါတယ်။ ထိုမျှသာမက အစာခြေဖျက်မှုကိုလည်း ကူညီပေးနိုင်ပါတယ်။

အရှိန်မြှင့်ပေးပါ။

ပုံမှန်လမ်းလျှောက်နေသည့်နှုန်းထားထက် မကြာခဏ မြန်မြန်ဆန်ဆန်သွက်သွက်လက်လက် လမ်းလျှောက်ပေးခြင်း၊ ပြေးခြင်းတို့သည် ကယ်လိုရီများကို ၂၀ ရာခိုင်နှုန်းပိုမိုလောင်ကျွမ်းစေရန် ကူညီပေးနိုင်ပါတယ်။ စက္ကန့်သုံးဆယ်ခန့်အရှိန်မြှင့်ပြီးလျှင် သုံးမိနစ်မျှပုံမှန်နှုန်းဖြင့်သက်သက်သာသာ လမ်းလျှောက်ပေးပါ။

ကခုန်ပေးပါ။

သူငယ်ချင်းများနှင့်အတူဖြစ်စေ၊ မိမိတစ်ဦးတည်းဖြစ်စေ သီချင်းနှင့်စီးမျောလိုက်ပါပြီး ကခုန်ခြင်းသည် ပြေးလွှား၊ ရေကူး၊ စက်ဘီးစီးခြင်းတို့ထက် ကယ်လိုရီများကို ပိုမိုလောင်ကျွမ်းစေပါတယ်။ တစ်နာရီခန့်ကခုန်ခြင်းသည် ကယ်လိုရီပေါင်း ၂၀၀ မှ ၆၀၀ အထိလောင်ကျွမ်းစေရုံသာမက ခန္ဓာကိုယ်စွမ်းအားတည်ဆောက်ပေးခြင်း နှင့် အိုမင်းရင့်ရော်ခြင်းကိုပင် နှောင့်နှေးစေနိုင်ပါတယ်။

ခြေထောက်လှုပ်ပေးပါ။

ထိုသို့လုပ်ပေးခြင်းသည် ကယ်လိုရီများဖယ်ရှားခြင်းအတွက် ကောင်းမွန်သည်သာမဟုတ်ဘဲ အချိန်အကြာကြီးထိုင်ထားခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော ဆိုးကျိုးများကိုလည်း တိုက်ဖျက်ပေးနိုင်ပါတယ်။

မကြာခဏရယ်ပြုံးပေးပါ။

၁၀ မိနစ်မှ ၁၅ မိနစ်ခန့်ပြုံးရယ်ပေးခြင်းသည်လည်း ကယ်လိုရီပေါင်း ၄၀ ခန့်လောက်မျှကို လောင်ကျွမ်းစေနိုင်ပါသေးတယ်။