သူတပါးကို ချစ်ခင်ကြင်နာတတ်တာ၊ သနားတတ်တာ၊ ကူညီချင်စိတ်ရှိတာဟာ ကောင်းပါတယ်။ ဒါပေမယ့် ပိုမိုပျော်ရွှင် ကျန်းမာတဲ့ ဘဝကိုရရှိပိုင်ဆိုင်ဖို့ မိမိကိုကိုယ်လည်း ဂရုစိုက်ဖို့လိုအပ်ပါတယ်။ သင့်အတွက် ရှိမနေနဲ့ အဆိပ်အတောက်ဖြစ်စေတဲ့ လူတွေကို သံယောဇဉ်ဖြတ်ပြီး သင့်ကိုယ်သင်ချစ်ပေးဖို့နဲ့ သင့်အပေါ် ကောင်းတဲ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းတွေကို တဖန်ပြန်ပြီး အချိန်ပေးဖို့လိုအပ်ပါတယ်။

ဒီကနေ့ပဲ သင်ကိုယ်တိုင်အတွက် ပြုလုပ်ရမယ့်အရာ ၁၀ ခုကိုမျှဝေပေးချင်ပါတယ်။

၁။ ကျေးဇူးတင်တတ်ပါစေ

သင့်ဘဝအတွက် ကံကောင်းခဲ့တဲ့အချိန် ၊ သူတပါးက သင့်အပေါ် ကျေးဇူးပြုခဲ့တဲ့အချိန်တွေကို သတိရပြီး ကျေးဇူးတင်တတ်ဖို့ လိုအပ်ပါတယ်။ သင့်ကို ကူညီတဲ့သူတွေ၊ ကျေးဇူးပြုတဲ့သူတွေ၊ သင့်အတွက်ရှိနေတဲ့သူတွေအတွက် ကျေးဇူးတင်တယ်ဆိုတဲ့စကားကို အခုပဲစပြောလိုက်ပါ။

၂။ ရယ်မောပါ

ဆိုရိုးစကားတစ်ခုရှိပါတယ်။ ရယ်မောခြင်းဟာ အကောင်းဆုံးဆေးတစ်ခွက်ပါပဲတဲ့။ ရယ်မောနေတာဟာ သင့်ကို အသက်ရှည်စေပါတယ်။ ဝမ်းနည်းနေတဲ့အချိန်မှာတောင် ရယ်မောလိုက်ပါ။ ရယ်မောတာဟာ စိတ်ဖိစီးမှုကို လျော့နည်းသက်သာစေပြီး သင့်ကို ပိုပြီးသန်မာစေပါတယ်။

၃။ အပြင်ထွက်ပါ

ပန်းခြံတွေသွားပြီးလမ်းလျှောက်ပါ။ သဘာဝအလှတရားကို ခံစားပါ။ စက်ဘီးစီးပါ။ မြက်ခင်းစိမ်းလေးတွေမှာ အပန်းဖြေလိုက်ပါ။

၄။ သင့်ကိုယ်သင်ချစ်တဲ့အကြောင်း ပြသပါ

သင့်ကိုယ်သင် ချစ်တဲ့အကြောင်း သင်ကိုယ်တိုင်း နည်းနည်းလေးပြသလိုက်ပါ။ အိပ်ချင်တဲ့ချိန်အိပ်လိုက်ပါ။ စားချင်တဲ့အစားအစာကို သွားစားပါ။ အလှပြင်ချင်လား ပြင်လိုက်ပါ။

၅။ အနာဂတ်အတွက် အစီအစဉ်ဆွဲပါ

အနာဂတ်အတွက် ရည်မှန်းချက် အစီအစဉ်ဆွဲတာဟာ သင့်အတွက်မမှားပါဘူး။ လက်ရှိအချိန်ထက်ပိုပြီး သာလွန်ကောင်းမွန်တဲ့ဘဝအတွက် ဆုံးဖြတ်ချက်ချလိုက်ပါ။ အတွေ့အကြုံအသစ်တွေကို လက်ကမ်းကြိုဆိုလိုက်ပါ။

၆။ ငြင်းဆိုတတ်ပါစေ

သင့်အတွက် သက်သောင့်သက်သာမဖြစ်စေတဲ့အရာ၊ ဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့အရာတွေကို ငြင်းဆိုတတ်ပါစေ။

၇။ ခံစားရမှာမကြောက်ပါနဲ့

စိတ်ခံစားချက်ရှိတာ၊ တခါတလေ ငိုချင်လာတာဟာ သင့်ရဲ့ အားနည်းချက်မဟုတ်ပါဘူး။ သင်ဟာ လူသားဆန်တဲ့အကြောင်း ပြသတာပဲဖြစ်ပါတယ်။ ငိုရမှာမကြောက်ပါနဲ့။

၈။ သူတပါးကိုလည်း မျှဝေပါ

လူမှုအသိုင်းဝိုင်းအတွက် အကျိုးရှိတဲ့ အလုပ်တွေမှာပါဝင်ဆောင်ရွက်ပါ။ သင်မလိုအပ်တဲ့၊ သင့်မှာပိုလျှံနေတဲ့အရာ၊ သင့်အတွက်အသုံးမဝင်ဘဲ သူတပါးအတွက် အသုံးဝင်နိုင်မယ့်အရာကို လှူလိုက်ပါ။

၉။ သင့်အတွက် အဆိပ်အတောက်ရှိတဲ့နေရာကိုရှောင်ကျဉ်ပါ

ဥပမာ သင့်အတွက် မကောင်းတဲ့သူ၊ သင့်ဘဝကို ကောင်းကျိုးမရှိစေတဲ့သူတွေကို ရှောင်လိုက်ပါ။ သင့်ကိုချစ်တဲ့သူတွေအများကြီးရှိတယ်ဆိုတာ သတိရပါ။

၁၀။ အရှိန်လျှော့ဖို့သတိရပါ

သင်လောဘတွေသိပ်ကြီးနေလား အရှိန်လျှော့ဖို့သတိရပါ။ အတ္တတွေသိပ်ကြီးနေလား အရှိန်လျှော့ဖို့သတိရပါ။ တစုံတခုကို မျှော်လင့်ချက်တွေ သိပ်ထားနေလား အရှိန်လျှော့ဖို့သတိရပါ။ချစ်တဲ့သူနဲ့ အချိန်ပေးပါ။ အတူတူရယ်မောပါ။ ခရီးအတူတူသွားပါ။