ရေဓာတ်ကုန်ဆုံးခြင်းသည် လူတိုင်းလူတိုင်းတွင် အလွန်အဖြစ်များတတ်သည့် အခြေအနေတစ်ရပ်ဖြစ်ပါတယ်။ သို့ရာတွင် ရေဓာတ်ကုန်ဆုံးသည့်အခါ ပြသသည့် လက္ခဏာရပ်များမှာ သိပ်ပြီးသိသာမထင်ရှားသောကြောင့် ရေဓာတ်ကုန်ဆုံးခြင်းကို သိရှိနိုင်ရန်မှာလည်း အင်မတန်ခက်ခဲလှပါတယ်။

ရောဂါဖြစ်ပွားသည့်အခါ ကုသလွယ်ကူရန်အတွက် ဖြစ်ပေါ်လာရသည့်အကြောင်းအရင်းနှင့် လက္ခဏာများကို သိနားလည်ရန်မှာ အလွန်ကို အရေးကြီးသောကြောင့် ရေဓာတ်ကုန်ဆုံးခြင်းနှင့် ပတ်သက်၍ သင်သိထားသင့်သည့် လက္ခဏာရပ်များကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ လေ့ကျင့်ခန်းလုပ်နေစဉ် ချွေးမထွက်ခြင်း

တစ်ကိုယ်လုံးကို ချွေးများဖြင့် ပြည့်နေစေတတ်သော ကိုယ်လက်လေ့ကျင့်ခန်းများ ပြုလုပ်နေစဉ်အတွင်း ချွေးလုံးဝထွက်မလာခြင်းသည် ခန္ဓာကိုယ်အတွင်းရေဓာတ်လုံလုံလောက်လောက်မရှိတော့ဘဲ ကျန်ရစ်နေသေးသောပမာဏအနည်းငယ်ကို တွယ်ကပ်မှီခိုနေရသောကြောင့် အပြင်သို့လုံးဝထွက်မလာတော့ခြင်းပဲဖြစ်ပါတယ်။

၂။ လက်စွပ်များကြပ်လာခြင်း

ခန္ဓာကိုယ်သည် အနည်းငယ်သာကျန်ရှိတော့သော ရေဓာတ်ကိုတင်းတင်းကြပ်ကြပ် ကုပ်တွယ်ထားရသောကြောင့် ဖောရောင်ရမ်းမှုကို ဖြစ်ပေါ်လာ စေကာ လက်စွပ်ကိုဝတ်ရ၊ ချွတ်ရတာအဆင်မပြေဖြစ်လာပြီဆိုလျှင်တော့ ရေဓာတ်ကုန်ဆုံးမှုကို အလွယ်တကူသိရှိနိုင်ပါတယ်။

၃။ ကြွက်တက်လာခြင်း

ခြေသလုံးကဲ့သို့ ကြီးမားသောကြွက်သားများတွင် သိသာစွာဖြစ်ပေါ်တတ်သော ရေဓာတ်ကုန်ဆုံးခြင်း၏ ဖြစ်လေ့ရှိသည့်လက္ခဏာတစ်ခုဖြစ်ရုံသာမက အထူးသဖြင့် ပိုတက်စီယမ်နှင့် ဆိုဒီယမ် လျှပ်လိုက်ရည်မညီမျှခြင်းတို့လည်းဖြစ်ပေါ်နိုင်သောကြောင့် အသီးအရွက်များ၊ အသီးအနှံများကို စားသုံးပေးပါ။

၄။ နှုတ်ခမ်းခြောက်လာခြင်း

နှုတ်ခမ်းသားများကို ခြောက်သွေ့လာပါက ရေများများသောက်သုံးပေးခြင်းသည် ခြောက်သွေ့သောခံစားချက်အကုန်လုံးကို မသက်သာစေနိုင် သော်လည်း အချို့ကိုတော့ သက်သာစေမှာဖြစ်ပါတယ်။

၅။ ရေဆာခြင်း

ရေဓာတ်ကုန်ဆုံးခြင်း၏ လက္ခဏာများထဲတွင် တစ်ခုအပါအဝင်ဖြစ်သော ရေဆာခြင်းမကြာခဏဖြစ်ပွားနိုင်သောကြောင့် ရေဘူးကိုဆောင်ထားဖို့ အကြံပေးလိုပါတယ်။

၆။ အပေါ့လုံးဝမသွားခြင်း

ပုံမှန်အားဖြင့် နှစ်နာရီသို့မဟုတ် နာရီပိုင်းအတွင်း အပေါ့သွားတတ်သော်လည်း ယခုအချိန်တွင် သုံးနာရီကျော်ကြာသည့်တိုင် လုံးဝသွားလိုစိတ် မရှိဘူးဆိုလျှင်တော့ ရေဓာတ်ကုန်ဆုံးခြင်း၏ လက္ခဏာတစ်ရပ်ပဲဖြစ်ပါတယ်။

၇။ ဖောရောင်သလိုခံစားရခြင်း

ကျန်ရှိနေသေးသော ရေဓာတ်အနည်းငယ်ကို ထိန်းသိမ်းနေရသောကြောင့် ဖောရောင်မှုကိုဖြစ်စေကာ အဝတ်များကိုပါ ကြပ်လာစေမှာဖြစ်ပါတယ်။

၈။ ဝမ်းချုပ်လာခြင်း

အူမကြီးလှုပ်ရှားမှုများကို ကောင်းမွန်နေစေရန်အတွက် ရေအလုံအလောက်လိုအပ်ပြီး ရေဓာတ်နည်းပါးနေပါက ဝမ်းသွားရာတွင် အခက်အခဲ ဖြစ်လာနိုင်ပါတယ်။

၉။ မူးဝေခြင်း

ဦးနှောက်အတွင်းသို့ ပို့ဆောင်နေသည့် အရည်ပမာဏနည်းပါးသွားသည့်အခါ ဦးနှောက်သွေးစီးဆင်းမှုလည်းလျော့နည်းသွားသောကြောင့် ရီဝေဝေနှင့် မူးနောက်သောခံစားမှုကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။

၁၀။ နှုတ်ခမ်းများအက်ကွဲလာခြင်း

နှုတ်ခမ်းသားများ ခြောက်သွေ့အက်ကွဲလာခြင်းသည် ရေသောက်သုံးရန်လိုအပ်နေသည့် လက္ခဏာတစ်ရပ်ပဲဖြစ်ပါတယ်။ ခြောက်သွေ့သော နှုတ်ခမ်း များသည် နှုတ်ခမ်းနှင့် အမြှေးပါးများတွင် အစိုဓာတ်နည်းပါးမှုကို ဖော်ပြနေခြင်းပဲဖြစ်ပါတယ်။