အရေးအကြောင်းများ၊ မျက်လုံးအိတ်များဖောင်းလာခြင်းတို့ဟာ အသက်အရွယ် ကြီးရင့်လာသူတိုင်း ကြုံတွေ့ရတဲ့ ဇရာတစ်ခုပါပဲ။ အသက်ကြီးလာတာကို နောက်ပြန်လှည့်လို့မရပေမယ့်လည်း ထိုအရေးအကြောင်းတွေ ပေါ်ပေါက်လာခြင်းကိုတော့ နှောင့်နှေးအောင်၊ မသိသာအောင် လုပ်ဆောင်နိုင်ပါတယ်။ လက်ရှိအချိန်မှာလည်း အလှကုန်ပစ္စည်းအမျိုးမျိုး ပေါ်ထွက်လာပြီဆိုပေမယ့် အရေးအကြောင်းတွေကို ဖယ်ရှားနိုင်တဲ့ သဘာဝနည်းလမ်းကောင်းတွေကတော့ လူအများရဲ့ လက်စွဲဖြစ်နေဆဲပါပဲ။

ဒါကြောင့် MyHealth Myanmar မှနေ၍ ယခုတစ်ခါမှာတော့ အရေးအကြောင်းများ၊ မျက်လုံးအိတ်များ ပေါ်လာတာကို သက်သာစေမယ့် နည်းလမ်းကောင်းလေးတွေကို ပြန်လည်ဝေမျှပေးချင်ပါတယ်။

အရေးအကြောင်းများ

အသားအရေပေါ်က အရေးအကြောင်းတွေဟာ အရွယ်ရလာတာကြောင့်သာမက မျက်နှာအမူအယာ၊ နေလောင်ဒဏ်၊ ဆေးလိပ်သောက်ခြင်းနှင့် ရေဓာတ်ခမ်းခြောက်ခြင်းတို့ကြောင့် အဓိကဖြစ်ပေါ်လာရတာပါ။ ဒီလိုအရေးအကြောင်းတွေကို တားဆီးလို့မရတာမှန်ပေမယ့် ကျန်းမာတဲ့လူနေမှုဘဝကို လိုက်နာမယ်ဆိုရင်တော့ လျော့နည်းအောင်လုပ်နိုင်ပါတယ်။

ကြက်ဥအကာ

ကြက်ဥအကာအနည်းငယ်ကို ပန်းကန်လုံးအသေးတစ်ခုထဲထည့်ပြီး မွှေလိုက်ပါ။ မျက်နှာပေါ်မှာ သေချာလိမ်းပေးပြီးနှိပ်ပေးကာ ၁၅ မိနစ်လောက်ခြောက်အောင်ထားလိုက်ပါ။ ခြောက်သွားပြီဆိုလျှင် ရေနွေးနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။ ကြက်ဥအကာမှာပါဝင်တဲ့ ဗီတာမင်အေနဲ့ ဘီဟာ အရေးအကြောင်းများကို ဖြည်းဖြည်းချင်းလျော့နည်းသွားစေနိုင်ပါတယ်။

သံလွင်ဆီ

သံလွင်ဆီဟာ အသားအရေကို နူးညံ့အိစက်စေပါတယ်။ ညအိပ်ရာမဝင်ခင် သံလွင်ဆီအစက်အနည်းငယ်လက်ထဲထည့်ပြီး မျက်နှာကို ညှင်ညှင်သာသာ နှိပ်နယ်ပေးပါ။ ပြီးရင်တော့ နူးညံ့တဲ့ တဘက်ကိုအသုံးပြုပြီး သန့်စင်ပေးနိုင်ပါတယ်။ မနက်မိုးလင်းတဲ့အခါမှာတော့ မျက်နှာလေးက နူးညံ့နေပြီး ကျန်းမာစိုပြေနေတာကို မြင်တွေ့ရမှာပါ။

သံပုယိုရည်

သံပုယိုသီးတစ်လုံးကို အရည်ညှစ်ပြီး မျက်နှာပေါ်က အရေးအကြောင်းတွေနေရာမှာ ညအိပ်ရာမဝင်ခင် နှိပ်နယ်ပေးပါ။ သံပုယိုသီးတွင်ပါဝင်တဲ့ အက်စစ်ဓာတ်က အရေးအကြောင်းများကို လျော့နည်းစေပြီး မျက်နှာအသားအရေကို ဝင်းလက်နေစေမှာပါ။

မျက်လုံးအောက်က မျက်အိတ်များ

မျက်လုံးအောက်မှာ မျက်အိတ်တွေပေါ်ပေါက်လာခြင်းဟာ သင့်ကို အသက်ကြီးပုံနဲ့ ပင်ပန်းနေပုံပေါက်စေပါတယ်။ အသက်အရွယ်ကြီးရင့်လာတာကြောင့်လည်းဖြစ်နိုင်ပြီး အိပ်ရေးမဝတဲ့အခါ၊ ပင်ပန်းနွမ်းနယ်တဲ့အခါတွေမှာ ပေါ်ပေါက်လာတတ်ပါတယ်။

လက်ဖက်အိတ်များ

Teabags

အကျိုးကျေးဇူးတွေ အများအပြားပါဝင်တဲ့ လက်ဖက်အိတ်ကို အဖွားများလက်ထက်ကတည်းက ယနေ့အချိန် မော်ဒယ်လ်များကပါ မျက်အိတ်တွေသက်သာအောင် အသုံးပြုလာကြတာပါ။ လက်ဖက်အိတ်နှစ်ခုကို ရေနွေးနွေးမှာ စိမ်လိုက်ပြီး ရေခဲသေတ္တာထဲမှာ မိနစ်အနည်းငယ်လောက် အအေးခံလိုက်ပါ။ မျက်လုံးတစ်ဖက်စီပေါ်မှာ လက်ဖက်အိတ်တစ်ခုစီတင်လိုက်ကာ ငါးမိနစ်ထားပြီးနောက်မှာတော့ မျက်လုံးတွေလန်းဆန်းမှုကို ခံစားရလာမှာပါ။

ထောပတ်သီး

ပင်ပန်းနွမ်းနယ်တဲ့အခါမှာလည်း မျက်ကွင်းညိုတာတွေကို ဖြစ်ပေါ်လာစေနိုင်ပြီး သင့်ရဲ့ရုပ်ရည်အသွင်အပြင်ကို ရှိရင်းထက်ပိုအိုသွားအောင် ထင်ရစေနိုင်ပါတယ်။ ထိုမျက်ကွင်းညိုတာတွေ သက်သာစေနိုင်ဖို့ ပါးပါးလှီးထားတဲ့ ထောပတ်သီးအမှည့်တစ်စိတ်စီကို မျက်လုံးတစ်ဖက် တစ်ချက်စီအောက်မှာ ထားပေးပါ။

သခွားသီး

မျက်လုံးတွေနီရဲပြီး ဖောင်းကားနေမယ်ဆိုရင်တော့ ပက်လက်လှန်လိုက်ပြီး အအေးခံထားတဲ့ သခွားသီး ပါးပါးနှစ်ခြမ်းကို မျက်လုံးတစ်ဖက်စီပေါ်တင်ပြီး နာရီဝက်ထားပေးပါ။

ဇွန်း

သံဇွန်းနှစ်ချောင်းကို ရေခဲသေတ္တာထဲမှာ ၁၅ မိနစ်မှ မိနစ် ၂၀ အအေးခံထားပါ။ အေးသွားပြီဆိုရင်တော့ ဇွန်းများကို မျက်ခွံပေါ်မှာ စက္ကန့် ၆၀ တင်ထားပေးပါ။ သံရဲ့အအေးဓာတ်က ပင်ပန်းနေတဲ့ မျက်လုံးတွေကို သက်သာစေပြီး လန်းဆန်းစေမှာပါ။