ကိုယ့်ရဲ့ခန္ဓာကိုယ်မှာ ဖြစ်ပေါ်နေတဲ့ အပြောင်းအလဲတွေကို လျစ်လျူရှုထားရင်းကနေ မတော်တဆ စိုးရိမ်ရလောက်တဲ့ ရောဂါအခြေအနေထိ ဖြစ်လာခဲ့မယ်ဆိုရင် ဘယ်လိုလုပ်ပါမလဲ?

ဒါကြောင့် အခုဖော်ပြပေးမယ့် ဆောင်းပါးလေးကို ဖတ်ထားလိုက်မယ်ဆိုရင် ဖြစ်လာပြီဆိုတဲ့အခါ ဆရာဝန်ဆီကို အချိန်မှီသွားရောက်ပြသနိုင်ဖို့အတွက် တန်ဖိုးရှိလှပါတယ်။

အဲဒီအတွက် မည်သည့်ခန္ဓာကိုယ်ရဲ့လက္ခဏာတွေကို အနီးကပ်သတိထားပြီး စောင့်ကြည့်ရမလဲဆိုတာကို သိရှိနိုင်စေဖို့ အခုပဲဖော်ပြပေးလိုက်ရပါတယ်။

ခြောက်သွေ့ကွဲအက်တဲ့နှုတ်ခမ်း

နှုတ်ခမ်းအရေခွံဟာ အလွှာလိုက် ကွာကွာကျတယ်ဆိုရင်တော့ အလာဂျီရဲ့ သေချာတဲ့လက္ခဏာရပ်ပါပဲ။ ဒီလိုဖြစ်လာပြီဆိုရင်တော့ ကိုယ်အသုံးပြုနေတဲ့ အလှကုန်ပစ္စည်းတွေ၊ စားသောက်တဲ့အစားအစာတွေ၊ ဆေးဝါးတွေကအစ အထူးသတိပြုရပါမယ်။

နှုတ်ခမ်းထောင့်မှာ ကွဲအက်ခြင်းက ဗီတာမင် ဘီ၊ အေ၊ အီတို့ နည်းပါးခြင်းကို ပြသနေပါတယ်။ မျက်လုံးတွေ၊ နှုတ်ခမ်းတွေခြောက်သွေ့နေတယ်ဆိုရင်တော့ အစာခြေစနစ်နဲ့ပတ်သက်ပြီး ပြဿနာရှိနေပါပြီ။ ဒါကြောင့် ဒီလိုမျိုးတွေ ခံစားလာရပြီဆိုရင်တော့ ဆရာဝန်နဲ့ ပြသတာအကောင်းဆုံးပါပဲ။

မျက်ခုံးမွှေးကျွတ်ခြင်း

မျက်ခုံးထူထူလေးတွေဟာ အခုခေတ်မှာတော့ ရေပန်းစားနေရုံသာမက ကျန်းမာရေးဆိုင်ရာမှာလည်း အဓိကညွှန်ကြားပြသပေးတဲ့ အရာတစ်ခုပါ။ ပုံမှန်မျက်ခုံးမွှေးကျွတ်တာလောက်က သာမန်ဆိုပေမယ့် အမြောက်အမြားကျွတ်ခြင်းကြောင့် အကွက်ပါဖြစ်လာခြင်း သို့မဟုတ် လုံးဝမရှိတော့ဘူးဆိုရင်တော့ ဆရာဝန်ထံချက်ချင်းသွားပြပါ။ သိုင်းရွိုက်ပမာဏ မလုံလောက်ခြင်း သို့မဟုတ် လွန်ကဲခြင်းနဲ့ ဆက်စပ်နိုင်ပါတယ်။

လက်သည်းများ ကျိုးပဲ့ခြင်း

လက်သည်းတွေမှာ အပြောင်းအလဲတွေဖြစ်လာပြီဆိုရင် တအားသိသာပါတယ်။ အရောင်အသွေးပြောင်းခြင်း သို့မဟုတ် ပုံစံပြောင်းလဲလာခြင်းတို့က အလန့်တကြားဖြစ်စေနိုင်တဲ့ လက္ခဏာတွေပါပဲ။ ပါးလွှာဖျော့တော့သောလက်သည်းတွေဟာ သွေးအားနည်းခြင်းနဲ့ သံဓာတ်ချို့တဲ့ခြင်းရဲ့ လက္ခဏာတွေဖြစ်နိုင်ပြီး လက်သည်းတွေဝါလာရင်တော့ အသည်းဆိုင်ရာ၊ အစာအိမ်လမ်းကြောင့် မူမမှန်တို့တာတွေက ညွှန်ပြနေတာပါ။

အဖြူအစက်တွေနဲ့ အစင်းကြောင်းတွေဖြစ်လာရင်တော့ ဇင့်၊ ကော့ပါး၊ အိုင်အိုဒင်းတို့ နည်းပါးခြင်းကို ပြသနေပြီး လက်သည်းတွေလည်း ကျိုးပဲ့လွယ်လာနိုင်ပါတယ်။

နှုတ်ခမ်းသားဖျော့တော့ခြင်း

အောက်နှုတ်ခမ်းထောင့်တွေဟာ ရောင်ရမ်းလာပြီး ပူစည်ပေါင်းအသေးလေးတွေပေါ်လာရင်တော့ ခရမ်းလွန်ရောင်ခြည်နဲ့ လုံးဝအထိမခံနိုင်ခြင်းဖြစ်ဖို့ အလားအလာများပါတယ်။ ဒီလိုအခြေအနေမျိုးကြုံတွေ့လာရင်တော့ နေပူထဲထွက်ခြင်းကို ရှောင်ကြဉ်ပြီး နေရောင်ဒဏ်ကာကွယ်ပေးတဲ့ Sunscreen ပစ္စည်းများအသုံးပြုပါ။

အကယ်လို့ နှုတ်ခမ်းတစ်ခုလုံးဟာ နီရဲရောင်ရမ်းလာရင်တော့ အလာဂျီနဲ့ပတ်သက်တာကို ညွှန်ပြနေနိုင်တာကြောင့် ကိုယ်အသုံးပြုတဲ့ အလှကုန်ပစ္စည်းများ၊ သွားတိုက်ဆေးတို့ကို သေချာပြန်စစ်ကြည့်၍ ဆရာဝန်နဲ့ပြသပါ။

မျက်နှာနီရဲခြင်း

အပူချိန်၊ နှိပ်နယ်ခြင်း သို့မဟုတ် အရက်သောက်သုံးခြင်းတို့လို အကြောင်းအရင်းတွေကို ခဏဖယ်ထားပြီး မျက်နှာနီရဲခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းသုံးမျိုးရှိပါတယ်။ အသက် ၄၀ ကျော်အမျိုးသမီးတွေအနေနဲ့ ဟော်မုန်းပမာဏလျော့နည်းခြင်းကြောင့်ဖြစ်ပြီး သွေးဆုံးချိန်အစကိုညွှန်ပြနေပါတယ်။ မျက်နှာနီရဲတာအပြင် ရုတ်တရက်မူးဝေခြင်းက သွေးပေါင်အတက်အကျဖြစ်တာကို ဖော်ပြနေပြီး ဆေးအကူအညီနဲ့ သက်သာစေနိုင်ပါတယ်။

လက်နှင့် ခန္ဓာကိုယ်အရေပြားခြောက်သွေ့ခြင်း

အသားအရေတွေခြောက်သွေ့တယ်ဆိုတာဟာ ဆောင်းရာသီလို အေးတဲ့ရာသီတွေမှာဖြစ်လေ့ရှိပြီး စိုစွတ်မှုထိန်းပေးတဲ့ ခရင်မ်သုံးခြင်း၊ ရေများများသောက်ခြင်း၊ ဗီတာမင်သုံးစွဲခြင်းတို့ပြုလုပ်မယ်ဆိုရင်တော့ သက်သာစေနိုင်ပါတယ်။ အကယ်လို့မှ အထက်ဖော်ပြပါနည်းလမ်းတွေနဲ့လည်း မသက်သာဘူးဆိုရင်တော့ ဆီးချိုလက္ခဏာအစဖြစ်နိုင်လို့ အရေပြားဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါတယ်။

ဆံပင်ကျွတ်ခြင်း

ပုံမှန်အားဖြင့် လူတစ်ယောက်ဟာ တစ်နေ့လျှင် ဆံပင်အချောင်းပေါင်း ၁၀၀ ခန့်ကျွတ်လေ့ရှိပေမယ့် ပုံမှန်ထက်ပိုပြီး ဆံပင်ကျွတ်လာတာကို သတိထားမိရင်တော့ ဒီလက္ခဏာနောက်မှာ ရောဂါတွေပုန်းအောင်းနေနိုင်လို့ ဆရာဝန်နဲ့သွားရောက်တိုင်ပင်သင့်ပါတယ်။

Source: BrightSide