မြန်မာနိုင်ငံမှာ လူအများစုဟာ ကျန်းမာရေးစစ်ဆေးမှု ပုံမှန်မလုပ်ဖြစ်တာ၊ ရောဂါတွေရဲ့ ရှေ့ပြေးလက္ခဏာတွေကို သတိမထားမိတာနဲ့ အချိန်မီ ကျန်းမာရေးစောင့်ရှောက်မှု ခံယူဖို့ နောက်ကျတာ တွေကြောင့် ရောဂါအတော်များများကို စိုးရိမ်ရတဲ့ အခြေအနေတစ်ခုမရောက်ခင်အထိ သတိမမူမိတတ်ကြပါဘူး။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ရဲ့ အဆိုအရ သွေးတိုးရောဂါဟာ ထင်ရှားတဲ့ ရောဂါလက္ခဏာမပြတတ်တာကြောင့် ဒီနေ့ခေတ် လူမှုအသိုက်အဝန်းအတွက် သတိမထားမိတဲ့ စိုးရိမ်ရတဲ့ ကျန်းမာရေးအန္တရာယ်တွေထဲက တစ်ခု ဖြစ်နေပါတယ်။

အသံတိတ် လူသတ်သမားလို့တောင် တင်စားခေါ်ဝေါ်ကြတဲ့ သွေးတိုးရောဂါဟာ သိသာထင်ရှားတဲ့ လက္ခဏာမပြဘဲ ဖြစ်ပွားလေ့ရှိတတ်ပါတယ်။ လူအများစုက ကိုယ့်ရဲ့ သွေးပေါင်ချိန်ပမာဏဟာ အန္တရာယ်ရှိလောက်အောင် မြင့်တက်နေတာ မသိဘဲ နေ့စဉ်ဘဝကို ပုံမှန်အတိုင်း ဖြတ်သန်းနေတတ်ကြပါတယ်။ မြန်မာနိုင်ငံမှာ အရွယ်ရောက်ပြီးသူ ၃ ယောက် မှာ ၁ ယောက်ဟာ သွေးတိုးရောဂါ ခံစားနေရတယ်လို့ ခန့်မှန်းထားပါတယ်။ ဒါပေမယ့် လူအတော်များများက ကျန်းမာရေးအသိ အားနည်းတာနဲ့ ပုံမှန်ကျန်းမာရေးစစ်ဆေးမှု မပြုလုပ်တာတွေကြောင့် ကိုယ့်ကိုယ်ကိုယ် သွေးတိုးရှိနေကြောင်း မသိကြပါဘူး။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ၂၀၂၆ ခုနှစ် ပြည်သူ့ကျန်းမာရေး အခြေအနေ လေ့လာဆန်းစစ်ချက် အစီရင်ခံစာအရ သွေးတိုးရောဂါကြောင့် ဖြစ်ပေါ်လာတဲ့ မကူးစက်နိုင်တဲ့ ရောဂါ (NCDs) တွေက နိုင်ငံအတွင်း သေဆုံးနှုန်းရဲ့ အဓိကအကြောင်းရင်းများထဲပါဝင်နေပြီး ရေရှည်ကျန်းမာရေး စိန်ခေါ်မှုတစ်ခုဖြစ်လာပါတယ်။ ဒီစိန်ခေါ်မှုကို ဖြေရှင်းဖို့ရာ ရောဂါကို အချိန်မီ ရှာဖွေဖော်ထုတ်ဖို့နဲ့ လိုအပ်တဲ့ ကုသမှုတွေကို လက်လှမ်းမီဖို့က အရေးကြီးဆုံး ဖြစ်ပါတယ်။ ခန့်မှန်းချက်တွေအရ ထိရောက်တဲ့ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းတွေကိုသာ တိုးမြှင့်လုပ်ဆောင်နိုင်ခြင်းမရှိဘူးဆိုရင် လာမယ့် ဆယ်စုနှစ်အတွင်းမှာ မကူးစက်နိုင်တဲ့ရောဂါ (NCDs) တွေကြောင့် သေဆုံးနှုန်းဟာ ၂၁ ရာခိုင်နှုန်း အထိ မြင့်တက်လာနိုင်တယ်လို့ ဆိုပါတယ်။

တစ်ချိန်တည်းမှာပဲ သွေးတိုး၊ ဆီးချိုနဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ စောင့်ရှောက်ကုသမှုတွေကို လက်လှမ်းမီနိုင်မှု နည်းပါးနေသေးတဲ့ မြန်မာနိုင်ငံရဲ့ ပြည်သူ့ကျန်းမာရေးအတွက် အရေးကြီးတဲ့ စိန်ခေါ်မှုတစ်ရပ်အဖြစ် ဆက်လက်တည်ရှိနေပါတယ်။ ကမ္ဘာ့သွေးတိုးရောဂါနေ့ (World Hypertension Day) ဟာ ကြိုတင်ကာကွယ်ခြင်းနဲ့ အသိပညာပေးခြင်းတွေက ပြည်သူ့ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်တဲ့နေရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေကြောင်း သတိပြုမိစေပါတယ်။ မြန်မာနိုင်ငံမှာလည်း ဒီစိန်ခေါ်မှုကို ကျန်းမာရေး စောင့်ရှောက်မှုပေးသူတွေ၊ ဒေသခံလူထုနဲ့ တစ်ဦးတစ်ယောက်ချင်းစီအထိ ကဏ္ဍစုံကနေ ပူးပေါင်းပါဝင်ပြီး ဖြေရှင်းဖို့နဲ့ မကူးစက်နိုင်တဲ့ ရောဂါ (NCDs) တွေကို ကာကွယ်ဖို့ရာ စုပေါင်းလုပ်ဆောင်ကြဖို့ လိုအပ်လာပါတယ်။

မြန်မာနိုင်ငံမှာ သွေးတိုးရောဂါကို အချိန်မီ သိရှိပြီး ထိန်းချုပ်ကုသနိုင်ဖို့အတွက် အခြေခံ ကျန်းမာရေးဝန်ဆောင်မှုတွေနဲ့ လူထုအခြေပြု ရောဂါရှာဖွေစစ်ဆေးရေး အစီအစဉ်တွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ပံ့ပိုးကူညီမှုနဲ့အတူ တိုးမြှင့်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ ဒီလိုကြိုးပမ်းဆောင်ရွက်မှုတွေဟာ မကူးစက်နိုင်တဲ့ ရောဂါ (NCDs) တွေကို စောစီးစွာ စစ်ဆေးတွေ့ရှိနိုင်စေရေးနဲ့ လူနာတွေ ကုသမှုကို ဆက်လက်ရရှိနိုင်စေရေးအတွက် NCD ဆိုင်ရာ မရှိမဖြစ် ဝန်ဆောင်မှုတွေကို အခြေခံကျန်းမာရေး စောင့်ရှောက်မှုစနစ်ထဲမှာ ထည့်သွင်းပေါင်းစပ်ဆောင်ရွက်ဖို့ ရည်ရွယ်ထားတဲ့ မြန်မာနိုင်ငံရဲ့ အမျိုးသားအဆင့် မကူးစက်နိုင်တဲ့ ရောဂါများ ကာကွယ်ထိန်းချုပ်ရေး မဟာဗျူဟာနဲ့လည်း ကိုက်ညီနေပါတယ်။

ယုံကြည်စိတ်ချရပြီး ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဖြေရှင်းချက်တွေ ပံ့ပိုးပေးနေတဲ့ Zuellig Pharma အနေနဲ့ သွေးတိုးရောဂါနဲ့ ပြင်းထန်နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းဖို့ အရေးကြီးတယ်ဆိုတာ သိရှိနားလည်ထားပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အဖွဲ့အစည်းတစ်ခုအနေနဲ့ လက်ခံထားတဲ့ ခံယူချက်က ကျန်းမာရေးစောင့်ရှောက်မှုဆိုတာ ဆေးဝါးသပ်သပ် မဟုတ်ဘဲ ပြည်သူတွေအနေနဲ့  ကိုယ့်ရဲ့ ကျန်းမာရေးအန္တရာယ်တွေကို အချိန်မီ နားလည်သဘောပေါက်ပြီး ရောဂါအခြေအနေ မပြင်းထန်လာခင်မှာတင် လိုအပ်တဲ့ ဆေးကုသမှုခံယူနိုင်ဖို့ ကူညီပေးခြင်းဖြစ်ပါတယ်။ ဒီရည်ရွယ်ချက်အတိုင်း Zuellig Pharma အနေနဲ့ မရှိမဖြစ်လိုအပ်တဲ့ ဆေးဝါးတွေ၊ ရောဂါရှာဖွေရေးကိရိယာတွေနဲ့ စ-လည်-အဆုံး ကုန်စည်စီးဆင်းမှု (Supply Chain) တစ်ခုလုံးကို ပိုမိုလက်လှမ်းမီအောင်လုပ်ဆောင်ပြီး မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ် အသင့်ဖြစ်နေစေဖို့ ကူညီပေးနေပါတယ်။ ဒီလုပ်ဆောင်ချက်က ကျန်းမာရေးစောင့်ရှောက်မှုပေးသူတွေကို ထိရောက်တဲ့ ရောဂါရှာဖွေစစ်ဆေးခြင်းနဲ့ ရေရှည် ရောဂါထိန်းချုပ်ကုသမှုတွေ ပြုလုပ်နိုင်အောင် ကူညီပေးပြီး နိုင်ငံအနှံ့ လူမှုအသိုက်အဝန်းအတွက် ရောဂါကို အချိန်မီသိရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ ရရှိနေစေဖို့ဆိုတဲ့ ကုမ္ပဏီရဲ့ ကတိကဝတ်ကို ထပ်လောင်းအတည်ပြုနေခြင်းလည်း ဖြစ်ပါတယ်။

ပြည်သူလူထုရဲ့ ကျန်းမာရေးအသိနဲ့ တစ်ဦးချင်းစီရဲ့ ကိုယ်တိုင်လိုက်နာဆောင်ရွက်မှုတွေကလည်း ထပ်တူ အရေးကြီးပါတယ်။ ရိုးရှင်းတဲ့ ဘဝနေထိုင်မှု အလေ့အကျင့်တွေနဲ့ ပုံမှန်ကျန်းမာရေးစစ်ဆေးမှုတွေက သွေးတိုးရောဂါအပြင် အခြား ဆက်စပ်တဲ့ ကျန်းမာရေးအန္တရာယ်တွေကို သိသိသာသာ လျော့ကျစေနိုင်ပါတယ်။ ကြိုတင်ကာကွယ်ရမယ့် နည်းလမ်းတွေကတော့

  • သွေးပေါင်ချိန်ကို ပုံမှန်တိုင်းတာ စစ်ဆေးတာ
  • အငံ အလွန်အကျွံစားသုံးမှုကို ဆင်ခြင်တာနဲ့ ကျန်းမာမျှတတဲ့ အစာအာဟာရတွေကို စားသုံးတာ
  • တက်ကြွတဲ့ ကိုယ်လက်လှုပ်ရှားမှု ရှိတာ
  • စိတ်ဖိစီးမှု လျော့ချပြီး လုံလောက်စွာ အိပ်စက်အနားယူတာ
  • ကျန်းမာရေးဆိုင်ရာ အကြံပြုချက်တွေကို အချိန်မီရယူတာတွေ အပြင် လိုအပ်မယ်ဆိုရင် ဆရာဝန်ညွှန်ကြားချက်တွေအတိုင်း ကုသမှုတွေ လိုက်နာဆောင်ရွက်တာတို့ ပါဝင်ပါတယ်။

သွေးတိုးရောဂါကို ကာကွယ်နိုင်ဖို့က ကျန်းမာရေးဗဟုသုတရှိမှုက စတင်ပါတယ်။ ရောဂါ အချိန်မီ ရှာဖွေတွေ့ရှိမှုကစလို့ တိကျသေချာတဲ့  ကျန်းမာရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေနဲ့ အားလုံးပူးပေါင်းပါဝင်မှုကနေတစ်ဆင့် မြန်မာနိုင်ငံအနေနဲ့ မကူးစက်နိုင်တဲ့ ရောဂါ (NCDs) တွေရဲ့ ရေရှည်ကျန်းမာရေးဆိုးကျိုးတွေကို လျှော့ချဖို့အတွက် ဆက်လက် အောင်မြင်အောင် လုပ်ဆောင်သွားနိုင်မှာ ဖြစ်ပါတယ်။ Zuellig Pharma အနေနဲ့လည်း မြန်မာနိုင်ငံတစ်ဝှမ်းမှာရှိတဲ့ လူမှုအသိုက်အဝန်းအတွက် ဒီလုပ်ဆောင်ချက်တွေ အကောင်အထည်ပေါ်လာစေဖို့ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဆက်လက်ကူညီပံ့ပိုးသွားမှာ ဖြစ်ပါတယ်။