လူတိုင်းနာကျင်မှုကို ခံစားဖူးကြမှာပါ။ ဒူးပွန်းတာ ၊ ကြွက်သားနာတာ စသဖြင့် ခန္ဓာကိုယ်က နာကျင်မှုကို အချက်ပြတဲ့အခါ အနားယူတာ ၊ ရေခဲကပ်တာ ၊ ဆေးသောက်တာ ၊ ဆေးလိမ်းတာစသဖြင့် နာကျင်မှုသက်သာအောင် အိမ်မှာဘဲ ကိုယ်တိုင်ကုသလို့ရပါတယ်။ ဒါပေမယ့် နာကျင်မှုတိုင်းတော့ မဟုတ်ပါဘူး။ တချို့သော နာကျင်မှု အမျိုးအစားတွေကတော့ ခန္ဓာကိုယ်ကအချက်ပြတာနဲ့ တစ်ပြိုင်နက် ကျွမ်းကျင်တဲ့ဆရာဝန်ရဲ့ ကုသမှုကို ချက်ချင်းခံယူဖို့ လိုအပ်ပါတယ်။
ရင်ဘတ်ထဲတင်းကြပ်လာတာ ၊ အသက်ရှုကြပ်တာ ၊ ချွေးထွက်တာ ၊ မူးဝေတာ ရင်ဘတ်ထဲက စူးပြီးအောင့်တာ စတာတွေက နှလုံးဖောက်တာ ဒါမှမဟုတ် အဆုတ်သွေးကြောပိတ်တာ စတဲ့ ပြင်းထန်တဲ့ရောဂါရဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ရင်ဘတ်ထဲကအောင့်တဲ့အခါ မပေါ့လျော့ဘဲ ချက်ချင်းကုသမှုခံယူပါ။
တင်ပါးဆုံရိုးနားက ပြင်းပြင်းထန်ထန်နာတာက အူအတက်ရောင်ခြင်းရဲ့ လက္ခဏာတစ်ခုဖြစ်နိုင်သလို အမျိုးသမီးများမှာဆို သားအိမ်အရည်အိတ်ပေါက်ခြင်း သို့မဟုတ် အစောပိုင်း သားအိမ်တွင်းကိုယ်ဝန်ရှိခြင်းရဲ့ လက္ခဏတွေလည်း ဖြစ်နိုင်ပါတယ်။
ပြင်းပြင်းထန်ထန်ခေါင်းကိုက်တာ သို့မဟုတ် ဖျားခြင်း၊ အော့အန်ခြင်း၊ တောင့်တင်းခြင်း၊ တက်ခြင်း၊ အဖုပေါက်ခြင်း၊ အမြင်အာရုံ အနှောင့်အယှက်များ၊ စကားပြောရခက်ခဲခြင်း သို့မဟုတ် အားနည်းခြင်း စတာတွေ ခံစားလာရပါက ချက်ချင်း ဂရုစိုက်ပါ။ ဒီလိုလက္ခဏာတွေက လေဖြတ်ခြင်း ၊ ဦးနှောက်အမြှေးရောင်ခြင်း ၊ ဦးနှောက်ပိုးဝင်ခြင်းတို့ကြောင့် ဖြစ်နိုင်သလို အသက်အန္တရာယ်ရှိတဲ့ ဦးနှောက်ရောင်ရမ်းခြင်းလည်း ဖြစ်နိုင်ပါတယ်။
ဗိုက်ထဲကထိုးအောင့်ခြင်း ၊ အဖျားတက်ခြင်း၊ ဝမ်းဗိုက်နာခြင်း သို့မဟုတ် ဝမ်းထဲမှာ သွေးပါခြင်းတို့လို့ လက္ခဏာများဖြစ်လာပါက အူအတက်ရောင်ခြင်း၊ diverticulitis သို့မဟုတ် ပန်ကရိယရောင်ခြင်း တို့လို ရောဂါများဖြစ်နိုင်တာကြောင့် မဖြစ်မနေ ဆေးကုသမှုခံယူဖို့ လိုအပ်ပါတယ်။
မျက်လုံးနီရဲလာပြီး နာကျင်တာ၊ အမြင်အာရုံ ချို့ယွင်းတာ ဒါမှမဟုတ် ရုတ်တရက် အလင်းတန်းတွေ တွေ့ရရင် မျက်စိဆရာဝန်နဲ့ ပြသပါ။ ဒီလက္ခဏာတွေက ပိုးဝင်ခြင်း၊ ရေတိမ် သို့မဟုတ် မျက်လုံးအတွင်းပိုင်း ရောင်ရမ်းခြင်း (iritis သို့မဟုတ် uveitis) တို့လို ပြင်းထန်တဲ့ မျက်လုံးပြဿနာတွေ ဖြစ်နိုင်ပါတယ်။