ဆီးချိုရောဂါ ခံစားနေရတာကို သိလိုက်တာနဲ့တစ်ပြိုင်နက် အစားအစာ စားသုံးမှုပမာဏကို သင့်တင့်မျှတစွာ စားသုံးမှသာလျှင် ရောဂါ ပိုသည်းမလာအောင် ထိန်းချုပ်နိုင်မှာဖြစ်ပြီး သွေးတွင်းသကြားဓာတ်မြှင့်တက်မလာမှာပဲဖြစ်ပါတယ်။

သကြားဓာတ်မြှင့်မားတဲ့ အစားအစာတွေကိုသာမက ကစီဓာတ်နဲ့ ကာဘိုဟိုက်ဒြိုက်ဓာတ်တို့ကလည်း သွေးတွင်းသကြားဓာတ်ကို မြှင့်မားစေနိုင်တာကြောင့် မဖြစ်မနေရှောင်ကြဉ်သင့်ပါတယ်။

ဆီးချိုသမားများအတွက် သကြားဓာတ်နည်းပါးတဲ့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်အချို့ကိုလည်း ဆက်လက်ဖော်ပြပေးချင်ပါတယ်။

အစိမ်းရောင် ဟင်းသီးဟင်းရွက်များ

အစိမ်းရောင်ဟင်းသီးဟင်းရွက်များက ဗီတာမင်ဓာတ်၊ သတ္တုဓာတ်နဲ့ အာဟာရဓာတ်များ ကြွယ်ဝစွာပါဝင်ပါတယ်။ ဟင်းနုနွယ်နဲ့ ကိုက်လံမှာတော့ ပိုတက်စီယမ်၊ ဗီတာမင် အေနဲ့ ကယ်လ်စီယမ်ဓာတ်တို့အပြင် ပရိုတင်းနဲ့ အမျှင်ဓာတ်တို့လည်း ပါဝင်ပါတယ်။ ပန်းဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီ စတဲ့ ဟင်းသီးဟင်းရွက်များလည်း စားသုံးနိုင်ပါတယ်။

အစေ့အဆံများ

အစေ့အဆံတွေကတော့ အမျှင်ဓာတ်ပါဝင်မှုများတာကြောင့် ဆီးချိုသမားများအတွက် သင့်တော်တဲ့အစားအစာတွေပဲဖြစ်ပါတယ်။ အမျှင်ဓာတ်တွေက ဘယ်လိုအလုပ်လုပ်လဲဆိုရင် အရင်ဦးဆုံး သင် စားသုံးလိုက်တဲ့ အစားအစာတွေကို နှေးကွေးစွာ အစာကြေညက်အောင် ချေဖျက်ပေးမှာပါ။ အာဟာရစုပ်ယူမှု နှေးကွေးသွားတဲ့အခါမှာတော့ သွေးတွင်းသကြားဓာတ်က တည်ငြိမ်သွားမှာပဲဖြစ်ပါတယ်။

အသီးထဲမှာဆိုရင် ဘယ်လိုသစ်သီးတွေကို စားသုံးသင့်သလဲ

အချဉ်ဓာတ်ကြွယ်ဝတဲ့ သံပုရာသီး၊ သံပုယိုသီး၊ ရှောက်သီး၊ လိမ္မော်သီး၊ Grapefruits သီးတို့အပြင် ဘယ်ရီသီးများ၊ ထောပတ်သီး၊ ပန်းသီး စတဲ့ အသီးတွေကို စားသုံးပေးနိုင်ပါတယ်။ အချဉ်ဓာတ်ကြွယ်ဝတဲ့ သစ်သီးများကို စားသုံးခြင်းက ကာဘိုဟိုက်ဒြိုက်ဓာတ်များ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်မလာစေဘဲ ဗီတာမင်နဲ့ သတ္တုဓာတ်များကို ရရှိစေမှာပဲဖြစ်ပါတယ်။

အသားထဲမှာဆိုရင်ရော

အသားရွေးချယ်တဲ့အခါမှာလည်း ကစီဓာတ် ကာဘိုဟိုက်ဒြိုက်ဓာတ်တို့ နည်းပါးတဲ့ အစားအစာတွေကိုသာ ရွေးချယ်ရပါမယ်။ အိုမီဂါသရီးနဲ့ ဖက်တိအက်စစ်ပါဝင်မှုများတဲ့ ဆော်လမွန်ငါး၊ မက်ကရယ်ငါး၊ ငါးသေတ္တာငါး၊ ပင်လယ်ငါးသလောက်စတဲ့ အစားအစာတွေကို ဦးစားပေးစားသုံးရပါမယ်။

ငါးကို ကြော်စားမယ်ဆိုရင် ပြည့်ဝဆီပါဝင်မှုများနိုင်တဲ့အတွက်ကြောင့် ငါးကင်၊ ငါးဟင်း စသည်ဖြင့် ချက်ပြုတ်စားသုံးလိုက်ပါ။

ဆီးချိုသမားများ မဖြစ်မနေရှောင်ကြဉ်သင့်တဲ့ အစားအစာများ

ပေါင်မုန့်၊ ပါစတာ၊ အာလူး၊ ရွှေဖရုံသီး၊ ပေါက်ပေါက်ဆုပ်၊ ဖရဲသီး၊ နာနတ်သီး စတဲ့ အစားအစာတို့ကို ရှောင်ကြဉ်သင့်ပါတယ်။ ထမင်းကလည်း ရှောင်ကြဉ်သင့်တဲ့ အစားအစာတစ်ခုပဲဖြစ်ပါတယ်။ သို့သော် မြန်မာနိုင်ငံမှာက အာဟာရအတွက် ထမင်းကို အဓိကထားစားတဲ့အတွက်ကြောင့် လုံးဝမရှောင်ကြဉ်နိုင်ဘူးဆိုရင် ထမင်းနည်းနည်းနဲ့ ဟင်းသီးဟင်းရွက်များများ၊ ငါးများများ စားသုံးပေးလိုက်ပါ။

ဒါ့အပြင် အငန်စာများ၊ ချိုရဲနေသော အချိုရည်များ၊ ယမကာများ၊ အဆီဓာတ်ပါဝင်မှုများသော အစားအစာများ စတာတွေကိုလည်း လုံးဝရှောင်ကြဉ်ပေးရပါမယ်။

Source: medicalnewstoday.com