ညဘက်မှာနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့ဆိုတာက လူတိုင်းလိုချင်တဲ့အရာတစ်ခုပါပဲ။ ညဘက်မှာကောင်းကောင်း အိပ်ပျော်နိုင်မှလည်း မနက်ပိုင်းတွေမှာ အားအင်အသစ်တွေနဲ့ ကောင်းကောင်းမွန်မွန် အလုပ်လုပ်နိုင်မှာပဲဖြစ်ပါတယ်။

ညဘက်မှာ ကောင်းကောင်းအိပ်ပျော်ဖို့အတွက် တစ်ချို့တွေသိထားတာက အိပ်ရာဝင်ခါနီးအချိန်တွေမှာ လေ့ကျင့်ခန်းလုပ်တာမျိုးတွေကို လုပ်လေ့ရှိပေမယ့် ဒီတစ်ခါမှာတော့ မနက်ပိုင်းမှာထဲက အိပ်ရာဝင်ခါနီးအချိန်တွေထိ လိုက်လုပ်သင့်တဲ့အချက်တွေကို လုပ်ပေးမယ်ဆိုရင်တော့ သင့်ကိုနှစ်ခြိုက်စွာအိပ်ပျော်စေနိုင်မှာပါ။

မနက်ပိုင်းမှာ Alarm ပေးပြီး အိပ်ယာထတာကို ဆင်ခြင်ပါ

တော်တော်များများမှားယွင်းနေကြတဲ့ အချက်ကတော့ မနက်ပိုင်းမှာ အိပ်ယာထတာကို Alarm သံနဲ့နိုးထတာက သင့်ဦးနှောက်နဲ့ ခန္ဓာကိုယ်ကို စိတ်ရှုပ်စရာတွေဖြစ်လာပြီး နိုးထလာစေပါတယ်။ ဒါကြောင့် သင်ပုံမှန်ထနေကျ အချိန်မှာနိုးအောင် အကျင့်လုပ်ပြီးနေထိုင်ရမှာပဲဖြစ်ပါတယ်။

အိပ်ယာကနေနိုးလာတာနဲ့ ကော်ဖီသောက်တာ

ဒါလည်း တော်တော်များများစွဲနေတဲ့ အကျင့်တစ်ခုလိုပါပဲ။ မနက်ခင်းမှာ အိပ်ယာကနေနိုးလာတာနဲ့ ကော်ဖီလေးတစ်ခွက်လောက် သောက်ရမှာကျေနပ်နေတဲ့သူတွေလည်း ဆင်ခြင်သင့်ပြီနော်။ မနက်ခင်းမှာ အင်အားတွေကောင်းစွာရရှိဖို့ကို ကဖင်းဓာတ်ကအနှောက်အယှက်ပေးလိုက်နိုင်တာကြောင့် သင့်ကိုပင်ပန်းနွမ်းနယ်နေစေပါတယ်နော်။ ဒါကြောင့် အိပ်ယာနိုးပြီး ၃ နာရီလောက်ကြာမှာ ကော်ဖီသောက်သင့်ပါတယ်နော်။

မနက်စာကောင်းကောင်းစားပေးပါ

မနက်ပိုင်းမှာ သင်ဘယ်လောက်ပဲ အလုပ်တွေရှုပ်နေပါစေ မနက်စာစားဖို့ကိုတော့ မဖြစ်မနေအချိန်ပေးသင့်ပါတယ်။ မနက်ပိုင်းမှာ လိုအပ်တဲ့အာဟာရဓာတ်တွေ သင့်ခန္ဓာကိုယ်ထဲကို ရောက်ရှိသွားဖို့အတွက်ဆိုရင် မနက်စာကိုလည်း အာဟာရတွေပြည့်ဝနေအောင် စားပေးမှရမယ်နော်။ ဒါမှလည်း ညဘက်တွေမှာ ကောင်းကောင်းနှစ်ခြိုက်စွာ အိပ်ပျော်နိုင်မှာပေါ့။

နေ့ခင်းဘက်မှာ ခဏအိပ်တာတွေ

နေ့ခင်းဘက်မှာ ခဏတစ်ဖြုတ်အိပ်တယ်ဆိုတာ ကောင်းတယ်ဆိုပေမယ့်လည်း ညဘက်တွေမှာတော့ သင့်ရဲ့နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်မှုတွေကိုတော့ အနှောက်အယှက်ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် တတ်နိုင်သလောက်နေ့ခင်းဘက်တွေမှာ ခဏအိပ်တာတွေကို ဆင်ခြင်သင့်ပါတယ်။ သင့်ကညဘက်တွေမှာ နှစ်ခြိုက်စွာအိပ်ပျော်တတ်တဲ့သူဆိုရင်တော့ ကိစ္စမရှိပေမယ့် ညဘက်တွေမှာ ကောင်းကောင်းအိပ်ပျော်ဖို့အခက်အခဲရှိနေတယ်ဆိုရင်တော့ ဒီအချက်ကိုလည်း မှတ်ထားဖို့လိုမယ်နော်။

ညစာကိုလည်း ပေါ့ပေါ့ပါးပါးပဲစားပါ

ညစာကိုပေါ့ပေါ့ပါးပါးပဲ စားပါဆိုတာက အိပ်ရာဝင်ခါနီးအချိန်မှ အစားတွေအများကြီးစားလိုက်မယ်ဆိုရင် အစာချေစနစ်ကိုအနှောက်အယှက်ဖြစ်စေပြီး သင့်ကိုညဘက်အိပ်ပျော်မှုကိုလည်း နှောင့်နှေးသွားစေနိုင်ပါတယ်။

အိပ်ယာဝင်ခါနီးမှာ တရားထိုင်ပေးပါ

အိပ်ယာဝင်ခါနီးအချိန်မှာ အချိန်ခဏလောက်ပေးပြီး တရားထိုင်ပေးမယ်ဆိုရင်လည်း သင့်စိတ်တွေကို တည်ငြိမ်ပေါ့ပါးစေပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေမှာပဲဖြစ်ပါတယ်။ တရားထိုင်တဲ့အခါမှာလည်း သင့်ပတ်ဝန်းကျင်က တိတ်ဆိတ်ငြိမ်သက်နေဖို့လည်း လိုအပ်ပါတယ်။