မျက်လုံးဆိုတာ ခန္တာကိုယ်ရဲ့ အနုနယ်ဆုံး အစိတ်အပိုင်းပါ။ ကျန်းမာတဲ့မျက်လုံးတစ်စုံကို ပိုင်ဆိုင်နိုင်ဖို့အတွက် အောက်ပါအချက်များကို ဂရုစိုက်သင့်ပါတယ်။ သင့်မျက်လုံးကို ဂရုစိုက်ဖို့အတွက် အချက်တိုင်းကို သေချာလိုက်နာဖို့က အရေးကြီးပါတယ်။

သင့်တင့်မျှတတဲ့ အစားအသောက်ကို စားသုံးခြင်းက သင့်မျက်လုံးကို ကျန်းမာစေပါတယ်။ အထူးသဖြင့် ဟင်းနုနွယ်ရွက်၊ ကိုက်လန်နှင့် ကော်လဒ်စိမ်းတို့လို  အရွက်စိမ်းတွေ  အသီးအနှံတွေနဲ့ ဆယ်လ်မွန်ငါး၊ တူနာငါးနဲ့ halibut တို့လို ငါးတွေကလည်း  မျက်လုံးကျန်းမာရေးကို ကောင်းစေတာကြောင့် များများစားပေးသင့်ပါတယ်။

နေကာမျက်မှန်ဆိုတာ Fashion တစ်ခုတည်းအတွက်မဟုတ်ပါဘူး။ ခရမ်းလွန်ရောင်ခြည်က အတွင်းတိမ်ဖြစ်စေနိုင်တာမလို့ နေပူထဲသွားတဲ့အခါ မျက်လုံးကို ခရမ်းလွန်ရောင်ခြည်ကနေ ကာကွယ် ပေးဖို့အတွက် အကာကွယ်ပေးနိုင်တဲ့ မျက်မှန်ကို ဝတ်ဆင်သင့်ပါတယ်။

အိမ်မှာဘဲဖြစ်စေ အလုပ်မှာဘဲဖြစ်စေ မျက်စိကိုထိခိုက်နိုင်မယ့်အလုပ်မျိုး ဥပမာ-ဂဟေဆော်တာမျိုးတွေ လုပ်တော့မယ်ဆို Safety Glasses ကို ဝတ်ဆင်ပေးသင့်ပါတယ်။

ကွန်ပြူတာသုံးတဲ့အခါ သက်တောင့်သက်သာရှိတဲ့ ထိုင်ခုံကို ရွေးချယ်ပါ။ ခြေဖဝါးကို ကြမ်းပြင်ပေါ်မှာ ညီညီညာညာထားပါ။ မျက်လုံးတွေ ခြောက်သွေ့နေပါက မျက်တောင်ခတ်ပါ သို့မဟုတ် မျက်ရည်တုကို အသုံးပြုပါ။မိနစ် 20 တိုင်း မျက်လုံးကို အနားယူပါ။ ပေ 20 အကွာကို စက္ကန့် 20 လောက် မကြာမကြာကြည့်ပေးပါ။ အနည်းဆုံး 2 နာရီတစ်ကြိမ်ထပြီး 15 မိနစ် အနားယူပါ။

ကွန်ပြူတာ သို့မဟုတ် ဖုန်းစခရင်ကို အချိန်အကြာကြီး ကြည့်တာတွေကြောင့် မျက်လုံးကိုက်တာ အမြင်အာရုံမှုန်ဝါးတာ၊  မျက်လုံးခြောက်တာ၊  ခေါင်းကိုက်တာ၊ လည်ပင်း၊ နောက်ကျောနှင့် ပခုံးနာကျင်တာတို့ကို ခံစားရနိုင်ပြီး   အဝေးကို အာရုံစူးစိုက်မှုမှာလည်း ပြဿနာရှိလာနိုင်ပါတယ်။ ဒီလိုဖြစ်လာပြီဆို မျက်စိဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။