ခြောက်ကြိမ်မြောက် နှစ်စဉ်ကျင်းပမြဲ မာရသွန်ပြိုင်ပွဲကြီးတွင် ယခင်နှစ်များထက် ပါဝင်ဆင်နွှဲသူဦးရေ ပိုမို များပြားလာပြီး အမျိုးသားနှင့် အမျိုးသမီး မာရသွန်အပြည့် (၄၂ ကီလိုမီတာ) ပြိုင်ပွဲတွင် ကင်ညာနိုင်ငံမှ Elijah Mbogo Mwaniki နှင့် ကင်ညာနိုင်ငံမှ Margaret Njuguna တို့က အသီးသီး အနိုင်ရရှိခဲ့ပါသည်။

ရန်ကုန်၊ မြန်မာ၊ ၂၁ ရက် ဇန်နဝါရီ ၂၀၁၈ ခုနှစ် – မြန်မာနိုင်ငံတွင် ပါဝင်ဆင်နွှဲသူဦးရေ အများဆုံး ခြောက်ကြိမ်မြောက် ရိုးမ ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကြီးကို ယနေ့ နံနက်ခင်းတွင် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။ တစ်နှစ်ထက်တစ်နှစ် ပြိုင်ပွဲဝင်များ ပိုမိုများပြားလာပြီး ယခုနှစ်တွင် ပြိုင်ပွဲအမျိုးအစား လေးမျိုးဖြစ်သည့် မာရသွန်အပြည့် (၄၂ ကီလိုမီတာ)၊ မာရသွန်တစ်ဝက် (၂၁ ကီလိုမီတာ)၊ စိန်ခေါ်မာရသွန် (၁၀ ကီလိုမီတာ) နှင့် (၃ ကီလိုမီတာ) အပျော်တမ်း အပြေး/လမ်းလျှောက်ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်သူဦးရေ ၉,၀၀၀ ကျော်ဖြင့် စံချိန်သစ် တင်နိုင်ခဲ့ပါသည်။

Yoma Strategic Holdings Ltd, First Myanmar Investment Company Limited (FMI) နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (YCDC) တို့မှ ပူးပေါင်းစီစဉ်ကျင်းပခဲ့သည့် ရိုးမ ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကြီးသည် နှစ်စဉ်ကျင်းပမြဲ အပြေးပြိုင်ပွဲများအတွင်း မဖြစ်မနေ ပါဝင်ယှဉ်ပြိုင်သင့်သော အားကစားပြိုင်ပွဲတစ်ခု ဖြစ်လာခဲ့သည်။ မာရသွန်ပြိုင်ပွဲကျင်းပရာ လမ်းမများထက်တွင် အပြေးပြိုင်ပွဲဝင်များ၏ စိတ်အားတက်ကြွမှုများဖြင့် ပြည့်နှက်နေခဲ့ပြီး သုဝဏ္ဏမိုးလုံလေလုံ အမျိုးသားအားကစားကွင်း တာထွက်အမှတ်နှင့် ပန်းဝင်အမှတ်ရှိ လာရောက်အားပေးသူများ အပါအဝင် ရန်ကုန်မြို့နေ လူထုတစ်ရပ်လုံး တက်ကြွပျော်ရွှင်မှုများ ကူးစက်ခဲ့သော နေ့တစ်နေ့ ဖြစ်ပါသည်။

၂၀၁၈ ရိုးမ ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲတွင် အနိုင်ရရှိသူများ
ပြိုင်ပွဲအမျိုးအစား လေးမျိုးအတွင်း ပထမဆုံးပြိုင်ပွဲဖြစ်သည့် မာရသွန်အပြည့် (၄၂ ကီလိုမီတာ) ပြိုင်ပွဲကို အထူးဧည့်သည်တော်များဖြစ်ကြသော ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦး၊ First Myanmar Investments (FMI) ၏ Executive Director ဦးလင်းမြိုင်နှင့် Yoma Strategic Holdings ၏ Chief Executive Officer ဖြစ်သူ Mr. Melvyn Punတို့မှ နံနက် ၅ နာရီတွင် သုဝဏ္ဏမိုးလုံလေလုံ အမျိုးသားအားကစားကွင်း၌ တာထွက်အလံမြောက်၍ ဖွင့်လှစ်ပေးခဲ့ပါသည်။

မာရသွန်အပြည့် အမျိုးသားပြိုင်ပွဲဝင်အုပ်စုတွင် ကင်ညာနိုင်ငံမှ Elijah Mbogo Mwaniki က ၂ နာရီ၊ ၁၉ မိနစ်၊ ၂၇ စက္ကန့် (၂:၁၉:၂၇) စံချိန်ဖြင့် ပန်းဝင်ပြီး ပထမနေရာကို ရရှိခဲ့ပါသည်။ ကင်ညာနိုင်ငံမှ Peter Kipleting Keter က အချိန်အနည်းငယ်သာ ကွာခြား၍ ၂နာရီ၊ ၁၉ မိနစ်၊ ၅၅ စက္ကန့် (၂:၁၉:၅၅) စံချိန်ဖြင့် ဒုတိယမြောက်ပန်းဝင်ခဲ့ပြီး ကင်ညာနိုင်ငံမှ Lukas Muteti က ၂ နာရီ၊ ၃၁ မိနစ်၊ ၂၁ စက္ကန့် (၂:၃၁:၂၁) စံချိန်ဖြင့် တတိယနေရာကို ရရှိဗိုလ်စွဲခဲ့ကြပါသည်။

မာရသွန်အပြည့် အမျိုးသမီးပြိုင်ပွဲဝင်အုပ်စုတွင် ကင်ညာနိုင်ငံမှ Margaret Njuguna က ၂ နာရီ၊ ၅၁ မိနစ်၊ ၁၁ စက္ကန့် (၂:၅၁:၁၁) စံချိန်ဖြင့် ပန်းဝင်ပြီး ရွှေတံဆိပ်ဆုကြီးကို ဆွတ်ခူးနိုင်ခဲ့ပါသည်။ သူမ ပန်းဝင်ပြီးနောက် ကင်ညာနိုင်ငံမှ Edinah Koech က(၂:၅၁:၁၂) စံချိန်ဖြင့် ဒုတိယနေရာ၊ ကင်ညာနိုင်ငံမှ Valentine jepkemoi Serem က (၃:၁၃:၀၃) စံချိန်ဖြင့် တတိယနေရာ အသီးသီး အနိုင်ရရှိခဲ့ကြသည်။

ဒုတိယပြိုင်ပွဲ အမျိုးအစားဖြစ်သည့် မာရသွန်တစ်ဝက် (၂၁ ကီလိုမီတာ) ပြိုင်ပွဲကို အထူးဧည့်သည်တော်များ ဖြစ်ကြသော ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦး၊ First Myanmar Investments (FMI) ၏ Executive Director ဦးလင်းမြိုင်နှင့် Yoma Strategic Holdings ၏ Chief Financial Officer ဖြစ်သူ ဦးထွန်းထွန်းတို့မှ တာလွှတ် ဖွင့်လှစ်ပေးခဲ့သည်။

မာရသွန်တစ်ဝက် (၂၁ ကီလိုမီတာ) အမျိုးသားပြိုင်ပွဲဝင်အုပ်စုတွင် ကင်ညာနိုင်ငံမှ Joseph Mwangi Ngare က ၁ နာရီ၊ ၁၀ မိနစ်၊ ၃၂ စက္ကန့် (၁: ၁၀: ၃၂) စံချိန်ဖြင့် ပန်းဝင်ခဲ့ပြီး အနိုင်ရဗိုလ်စွဲသွားခဲ့သည်။ မာရသွန်တစ်ဝက် အမျိုးသမီး ပြိုင်ပွဲဝင်အုပ်စုတွင် ကင်ညာနိုင်ငံမှ Julia Njari က ၁ နာရီ၊ ၁၇ မိနစ်၊ ၃၅ စက္ကန့် (၁:၁၇:၃၅) စံချိန်ဖြင့် ပထမဆုံး ပန်းဝင်ခဲ့ပါသည်။

စိန်ခေါ်မာရသွန် (၁၀ ကီလိုမီတာ) ပြိုင်ပွဲကို အထူးဧည့်သည်တော်များ ဖြစ်ကြသော ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦး၊ First Myanmar Investments (FMI) ၏ Executive Director ဦးလင်းမြိုင်နှင့် Yoma Strategic Holdings ၏ Chief Financial Officer ဖြစ်သူ ဦးထွန်းထွန်းတို့မှ ဖွင့်လှစ်ပေးခဲ့သည်။

စိန်ခေါ်မာရသွန် (၁၀ ကီလိုမီတာ) အမျိုးသား ပြိုင်ပွဲဝင်အုပ်စုတွင် ကင်ညာနိုင်ငံမှ Peter Ndolo က ပြိုင်ပွဲကို ဦးဆောင်ခဲ့ပြီး ၃၀ မိနစ်၊ ၄၄ စက္ကန့် (၃၀:၄၄) စံချိန်ဖြင့် ပထမဆု ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၈၀၀ ကို ရရှိခဲ့သည်။ ကင်ညာနိုင်ငံမှ Grace Njenga ကစိန်ခေါ်မာရသွန် (၁၀ ကီလိုမီတာ) အမျိုးသမီး ပြိုင်ပွဲဝင်အုပ်စုတွင် ၄၀ မိနစ်၊ ၁၁ စက္ကန့် (၄၀:၁၁) စံချိန်ဖြင့် ပထမဦးဆုံး ပန်းဝင်ခဲ့ပါသည်။

“Run for Children” ဆိုသည့် ဆောင်ပုဒ်အတိုင်း ၂၀၁၈ ရိုးမ ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကြီးတွင် ရရှိလာသည့် ရန်ပုံငွေများကို အောက်ပါ ပရဟိတအဖွဲ့အစည်း ၄ ဖွဲ့သို့ ထောက်ပံ့လှူဒါန်းသွားမည်ဖြစ်သည်။ လှူဒါန်းငွေ ပမာဏကို လာမည့်ရက်များတွင် ထုတ်ပြန်ကြေငြာပေးသွားမည် ဖြစ်ပါသည်။

  • YCDC ၏ ပရဟိတ နေ့ကလေးထိန်းကျောင်းမှ ဝင်ငွေနည်းပါးသည့် နိုင်ငံသားများအတွက်
  • ဆုထူးပန်လူငယ်ဖွံ့ဖြိုးရေးစင်တာ (သံလျင်)
  • သုခရိပ်မြုံ လူမှုထောက်ပံ့ရေးစီမံချက် (တပင်ရွှေထီးလမ်း၊ အရှေ့ဒဂုံ၊ ၁၁ ရပ်ကွက်)
  •  ဇေယျာရွှေတောင်လူငယ်ဖွံ့ဖြိုးရေးစင်တာ(လှည်းကူး)

၂၀၁၈ ရိုးမ ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲရှိ ပြိုင်ပွဲကျင်းပရာနေရာ (Race Village) တွင် ကျင်းပပြုလုပ်ခဲ့သည့် အစီအစဉ်များ

၂၀၁၈ ရိုးမ ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကျင်းပရာ သုဝဏ္ဏမိုးလုံလေလုံ အမျိုးသားအားကစားကွင်း ပင်မဝင်ပေါက်အနီးရှိ Race Village တွင် ပျော်ရွင်စရာ အားကစားပွဲတော်တစ်ခု၏ အငွေ့အသက်များကို ခံစားနိုင်ကြရန် အနုပညာရှင်များ ဖြစ်ကြသော ဖြိုးကြီး၊ ဂျုဝယ်၊ အမွန်း၊ ဖြိုးပြည့်စုံ၊ လမင်းခ၊ ကိုအောင် နှင့် ငယ်ဆူး တို့က သီဆိုဖျော်ဖြေပေးခဲ့ကြသည်။ (၃ ကီလိုမီတာ) အပျော်တမ်း အပြေး/လမ်းလျောက် ပြိုင်ပွဲဝင်များကို အခမ်းအနားသို့ တက်ရောက်လာသော Miss Universe Myanmar 2016 အလှမယ် ထက်ထက်ထွန်း မှ ဦးဆောင်၍ Balance Fitness အဖွဲ့သားများနှင့်အတူ သွေးပူလေ့ကျင့်ခန်း ပြုလုပ်ခဲ့ကြပြီး ပြိုင်ပွဲ စပွန်ဆာ ကုမ္ပဏီများမှ အခမ်းအနားသို့ လာရောက်ကြသူများအတွက် ပျော်ပွဲရွှင်ပွဲ အစီအစဉ်များနှင့် အခမဲ့ လက်ဆောင်များ ပေးအပ်ခဲ့ကြသည်။ ၂၀၁၈ရိုးမ ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲနှင့် ပတ်သက်၍ အသေးစိတ် ထပ်မံသိရှိလိုပါက www.facebook.com/YomaYangonInternationalMarathon / www.yomayangonmarathon.com တို့တွင် ဝင်ရောက်ကြည့်ရှု့လေ့လာနိုင်ပါသည်။

ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန် အပြေးပြိုင်ပွဲအကြောင်း (www.yomayangonmarathon.com)
ရန်ကုန်မြို့တွင် ကျင်းပသည့် တစ်ခုတည်းသော အကြီးမားဆုံး မာရသွန်အပြေးပြိုင်ပွဲကြီး ဖြစ်ပါသည်။ YYIM ၏ အဓိက ရည်ရွယ်ချက်မှာ ပြည်တွင်းသာမက နိုင်ငံတကာရှိ အပြေးပြိုင်ပွဲဝင် အားကစားသမားများနှင့် လူထုတို့ အပြေးအားကစားမှတဆင့် ပိုမိုချစ်ကြည်ရင်းနှီးလာစေရန် ဖြစ်သည်။ အပြေးပြိုင်ပွဲဝင်များသည်မြို့ပြဆန်မှုနှင့် ကျေးလက်အငွေ့အသက်များ ရောနှောနေသေးသော ရန်ကုန်မြို့ကို ဖြတ်၍ အမျိုးမျိုးသော ရင်သပ်ရှုမောဖွယ်မြင်ကွင်းများကို ကြည့်ရှုခံစားနိုင်မည့် နေ့တစ်နေ့ အဖြစ် ကမ္ဘာ့ မာရသွန် အပြေးပြိုင်ပွဲ ပြက္ခဒိန်တွင် မှတ်တမ်းတင်ထားနိုင်မည်မှာ အသေအချာပင်ဖြစ်သည်။

Yoma Strategic Holdings Ltd. အကြောင်း (www.yomastrategic.com)
Singapore Securities Exchange Trading Limited (SGX-ST) တွင် စာရင်းသွင်းမှတ်ပုံတင်ထားသည့် Yoma Strategic Holdings Ltd. သည် မြန်မာနိုင်ငံတွင် အိမ်ခြံမြေ၊ စားသောက်ကုန်၊ မော်တော်ယာဉ်နှင့် ပစ္စည်းကိရိယာများနှင့် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နေသော ထိပ်တန်းစီးပွားရေး ကော်ပိုရေးရှင်းဖြစ်ပါသည်။ မိတ်ဖက်အဖွဲ့အစည်းဖြစ်သော SPA Group နှင့်အတူ မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းနယ်ပယ် အသီးသီးတွင် လုပ်ကိုင်ရန်အတွက် လုပ်ငန်းပေါင်းစုံကော်ပိုရေးရှင်းအဖြစ် လုပ်ကိုင်လျက်ရှိပါသည်။ ကုမ္ပဏီသည် ၂၀၁၇ ခုနှစ်တွင် စင်္ကာပူနိုင်ငံ၏ အုပ်ချုပ်မှုနှင့် ပွင့်လင်းမြင်သာမှုအရှိဆုံး ကုမ္ပဏီများအနက် ထိပ်သီး ၅% တွင် ပါဝင်သည့်အပြင် ၂၀၁၅ ခုနှစ်၏ အာဆီယံကုမ္ပဏီအုပ်ချုပ်မှုမှ သတ်မှတ်သည့် စင်္ကာပူ၏ အကြီးဆုံးကုမ္ပဏီပေါင်း ၁၀၀ အနက် အဆင့် ၁၇ တွင် ရပ်တည်ပြီး ၂၀၁၆ ခုနှစ်၏ စင်္ကာပူကုမ္ပဏီများ ဆုပေးပွဲတွင် အကောင်းဆုံး စီမံခန့်ခွဲမှု ဒါရိုက်တာအဖွဲ့က (ရွှေ) ဆုကိုလည်း ချီးမြှင့်ခြင်းခံရသည်။

First Myanmar Investment Co., Ltd အကြောင်း (www.fmi.com.mm)
ဖတ်(စ်)မြန်မာအင်ဗက်(စ်)မင့်(န်) ကုမ္ပဏီလီမိတက် (FMI) သည် အစုရှယ်ယာဝင် (၈,၀၀၀) ကျော် ရှိသော မြန်မာနိုင်ငံ၏ အကြီးဆုံး အများနှင့်သက်ဆိုင်သော ကုမ္ပဏီများထဲမှ ကုမ္ပဏီတစ်ခုဖြစ်ပြီး ၁၉၉၂ ခုနှစ်၊ ကုမ္ပဏီ စတည်ထောင်ချိန်မှစ၍ အမြတ်အစွန်းရရှိမှုနှင့် အမြတ်ဝေစုခွဲဝေမှုအား စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့သောကုမ္ပဏီ ဖြစ်ပါသည်။ FMI သည် လက်ရှိတွင် ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုကဏ္ဍ၊ အိမ်ရာဖော်ထုတ်တည်ဆောက်ရေးကဏ္ဍနှင့် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ စသည့် “မဏ္ဍိုင်သုံးရပ်” တွင် မဟာဗျူဟာကျ ရင်းနှီး မြှုပ်နှံထားပါသည်။ FMI သည် ၂၀၁၆ ခုနှစ်၊ မတ်လ (၂၅) ရက်နေ့တွင် ရန်ကုန်စတော့အိတ်ချိန်း၌ စာရင်းဝင်သော ပထမဆုံးကုမ္ပဏီ ဖြစ်လာခဲ့ပါသည်။