လူတိုင်းလူတိုင်းမှာ ရေချိုးတာနဲ့ပတ်သက်ပြီး သူ့အကြိုက်ကိုယ့်အကြိုက်ရှိကြပါတယ်။ အချို့သူတွေက နေ့စဉ်နေ့တိုင်းရေအေးနဲ့ချိုးတာအကျင့်ဖြစ်နေကြပြီး အချို့သူတွေကတော့ တခါတလေမှရေအေးနဲ့ ချိုးလေ့ရှိကြပါတယ်။ လူအချို့ကလည်း မပူမအေးလေးနဲ့ ရေချိုးရတာကိုကြိုက်ကြပါသေးတယ်။

ဘယ်လိုအပူချိန်နဲ့ရေချိုးရတာကို ကြိုက်တယ်ပဲဆိုစေကာမူ ရေပူ၊ရေအေးမှာ သူ့ကောင်းကျိုးတွေနဲ့သူရှိကြလို့ ယခုဖော်ပြပေးမယ့်အကျိုးကျေးဇူးတွေကို ဖတ်ကြည့်ပြီး မိမိကြိုက်နှစ်သက်ရာကို ရွေးချယ်ရေချိုးနိုင်ပါတယ်။

ကြွက်သားနာကျင်မှုများသက်သာစေရန်

လေ့ကျင့်ခန်းလုပ်ပြီးနောက် ရေပူနဲ့ရေချိုးခြင်းက နာကျင်နေတဲ့ကြွက်သားများကို သက်သာရာရစေပါတယ်။ ခန္ဓာကိုယ်ပျော့ပျောင်းမှုနှင့် ကြွက်သားတင်းရင်းမှုကို တိုးတက်စေပါတယ်။ သို့သော်လည်း ကြွက်သားများရောင်ရမ်းမှုကို လျော့ကျစေဖို့ ရေအေးနဲ့အဆုံးသတ်ပေးပါ။

အမြဲတမ်းနိုးကြားနေစေဖို့

အချိန်ပြည့်နိုးနိုးကြားကြားရှိနေဖို့ လိုအပ်တဲ့သူများ ရေအေးနဲ့ချိုးဖို့အကြံပြုချင်ပါတယ်။ ဆောင်းရာသီမှာရေအေးနဲ့ချိုးဖို့မလွယ်ပေမယ့်လည်း အေးတဲ့ရာသီမှာရေချိုးခြင်းကပိုပြီး အထောက်အကူဖြစ်ပါတယ်။ ရေအေးကသင့်ကိုအသက်နက်နက်နဲနဲရှူစေပြီး အချိန်ကြာကြာနွေးထွေးမှုရှိနေစေမှာပါ။ တနေ့တာလုံးလည်းနိုးကြားနေစေပြီး ပိုမိုအာရုံစူးစိုက်နိုင်မှာပါ။

စင်ကြယ်သန့်ရှင်းမှုအတွက်

ခန္ဓာကိုယ်အတွင်းက အညစ်အကြေးတွေအားလုံးဖယ်ရှင်းဖို့ ရေပူကကူညီပေးပါတယ်။ အသားအရေတွင်းနက်နက်နဲနဲဝင်ရောက်စေလို့ ပြောင်စင်အောင်သန့်ရှင်းပေးလို့ တကိုယ်ရည်သန့်ရှင်းမှုကိုလည်း တိုးတက်စေပါတယ်။

ကိုယ်ခံအားမြှင့်တင်ပေးရန်

သုတေသီတို့ရဲ့ဖော်ပြချက်များအရ ရေပူထက် ရေအေးနဲ့ရေချိုးသူများက ကိုယ်ခံအားပိုကောင်းပါတယ်။ ဒါကြောင့် ရောဂါပိုးများမှကာကွယ်နိုင်ရန်အတွက် ရေအေးနဲ့ရေချိုးပေးပါ။

အိပ်မပျော်မှုကိုတိုက်ထုတ်ဖို့

ညဖက်အိပ်မပျော်သူများအတွက် ရေပူနဲ့အေးအေးလူလူရေချိုးပေးခြင်းက ချက်ခြင်းဆိုသလိုလန်းဆန်းမှုကိုခံစားရပြီး အိပ်ပျော်နိုင်မှာပါ။ ရေပူကအညစ်အကြေးများကိုဖယ်ရှားပေးလို့လည်း ပိုပြီးသန့်သန့်ရှင်းရှင်းနဲ့အိပ်ရာဝင်နိုင်မှာပါ။

ကိုယ်အလေးချိန်ကျရန်အတွက်

ရေပူမဟုတ်ဘဲ ရေအေးနဲ့ချိုးပေးခြင်းက ခန္ဓာကိုယ်အတွင်းကအဆီတွေကို ဖယ်ရှားပေးလို့ ခါးဆိုဒ်အနည်းငယ်ကျဉ်းသွားစေနိုင်ပါတယ်နော်။

အအေးမိဖျားနာသက်သာဖို့

အအေးမိ၊ဖျားနာ၊ချောင်းဆိုးအကုန်စုဖြစ်နေပါသလား။ ရေပူလေးနဲ့ရေချိုးပေးတာကသက်သာစေနိုင်ပါတယ်။ ရေပူမှရေနွေးငွေ့တွေက အဆုတ်ကိုချောင်စေရန်ကူညီပေးပြီး လေပြွန်လမ်းကြောင်းတွေကို ရှင်းလင်းပေးပါတယ်။

အသားအရေဝင်းလက်လာအောင်

ရေအေးကအသားအရေအတွက်ကောင်းစေတယ်ဆိုတာကို သိပြီးလောက်မှာပါ။ ရေပူနဲ့ရေချိုးရင်တောင် အဆုံးမှာရေအေးလေးစွတ်ပေးဖို့မမေ့ပါနဲ့။ ထိုကဲ့သို့လုပ်ပေးခြင်းက ချွေးပေါက်တွေကိုကျဉ်းစေပြီး ဆံပင်အရင်းကိုသန်မာစေပါတယ်။ ဒါ့အပြင် ရေအေးကသင့်အသားအရေနဲ့ ဆံကေသာကို ဝင်းလက်တောက်ပလာစေမှာဖြစ်ပါတယ်။