တစ်နေ့ကို သွားဘယ်နှစ်ကြိမ်လောက်တိုက်ပါသလဲ။ သင်ဟာ တစ်နေကုန် အလုပ်တွေရှုပ်နေတတ်တဲ့သူလား။ နေ့တိုင်း တစ်ကြိမ်ပဲ သွားပုံမှန် တိုက်တယ်ဆိုရင် စဉ်းစားကြည့်ပါ။ မနက်မိုးလင်း မျက်နှာသစ် သွားတိုက်တယ်။ မနက်စာစားတယ်။ နေ့လည်စာစားတယ်။ ညစာစားတယ်။ အလုပ်ပင်ပန်းလို့ သွားမတိုက်ဘဲ စောစောအိပ်တယ်။ နောက်တစ်နေ့ အိပ်ယာပြန်ထတယ်။

ဒီအမူအကျင့်တွေဟာ သင့်ရဲ့ သွားနဲ့ ခံတွင်းကို ဆိုးဆိုးရွားရွား ထိခိုက်ပျက်ဆီးစေတယ်ဆိုတာ သင်သိပါသလား။

သွားဖုံးရောဂါ

သွားဖုံးရောဂါရဲ့ ပထမဆုံး လက္ခဏာရပ်ကတော့ သွားတိုက်နေတဲ့အချိန် သွားဖုံးကနေ သွေးယိုတာပါပဲ။  ဒါဟာ သင်စားထားတဲ့ အစားအစာတွေကြောင့်ဖြစ်လာတာပါ။ ကိုယ်တစ်နေကုန်စားထားတဲ့ စားကြွင်းစားကျန်တွေက သင့်ရဲ့ သွားလေးတွေကို ဖျက်ဆီးပစ်ပါတယ်။ သွားဖုံးရောဂါဖြစ်တာကြာရင် သင့်ရဲ့ သွားလေးတွေကိုပါ ဆုံးရှုံးရနိုင်ပါတယ်။ သွားကျိုးရင် ပြန်စိုက်ဖို့ ခက်တယ်နော်။ ဈေးလည်းကြီးတယ်။ ဒီလို အဖြစ်ဆိုးတွေကို ကာကွယ်ဖို့ သွား အနည်းဆုံး တစ်နေ့ ၂ ကြိမ် ပုံမှန်တိုက်ပေးသင့်ပါတယ်။ အကောင်းဆုံးရှောင်ရှားနည်းတော့ ညာအိပ်ယာမဝင်ခင် မဖြစ်မနေ သွားတိုက်တာပါပဲ။

သွားမတိုက်ဘဲ အိပ်ယာဝင်တာဟာ သွားနဲ့ခံတွင်းအတွက် ဘယ်လိုဆိုးကျိုးဖြစ်စေလဲ။

ဒီမေးခွန်းကို ဖြေရမယ်ဆိုရင်တော့ သွားမတိုက်ဘဲ အိပ်ယာဝင်တာဟာ မစင်ကိုငုံပြီး အိပ်ယာဝင်တာနဲ့ အတူတူပါပဲ။

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

သင်တစ်နေကုန် စားသုံးထားတဲ့ အစားအစာတွေက စားကြွင်းစားကျန်တွေဟာ သင့်ခံတွင်းထဲက ဘက်တီးရီးယားတွေ ရှင်သန်ကြီးထွားဖို့ အစာကျွေးနေသလိုပါပဲ။ ဘက်တီးရီးယားတွေဟာ အခုလိုအစာစားပြီးရင် အက်ဆစ်တစ်မျိုးကို ထုတ်ပေးပြီး အဲဒီအက်ဆစ်တွေက သွားတွေကို ကြွေစေတာ၊ သွားခေါင်းပေါက်ဖြစ်စေတာ၊ သွားအမြစ်တွေကို ယိုယွင်းပျက်ဆီးစေတာတွေ ဖြစ်စေပါတယ်။

သွားမတိုက်ဘဲ နေ့စဉ်အိပ်မယ်ဆိုရင်တော့ သွားဂျိုးလေးတွေက သွားတွေမှာ တွယ်ကပ်ပြီး ခံတွင်းနံ့ ဆိုးဆိုးကိုပဲ သင်ရရှိပါလိမ့်မယ်။ သင့်ကိုလည်း ဆွဲဆောင်မှုလျော့စေသလို ခံတွင်းကျန်းမာရေးအတွက်လည်း သိပ်ကိုဆိုးလွန်းတာမို့ သွားတိုက်ဖို့ ဘာလို့ ပျင်းနေတော့မှာလဲ။

ညအိပ်ယာမဝင်ခင်သွားကို ပုံမှန်တိုက်ပေးကြည့်ပါ။ နောက်အကျင့်ဖြစ်သွားရင် သွားမတိုက်ဘဲတောင် မနေတတ်ဘူးဖြစ်သွားပါလိမ့်မယ်။