ပါးစပ်၊ သွားနဲ့ သွားဖုံးတွေက အစားစားခြင်း၊ ဝါးခြင်း၊ အစားအစာတွေ မျိုးချခြင်းစတဲ့ အစာချေစနစ်ရဲ့ ပထမဆုံးလုပ်ငန်းကို လုပ်ဆောင်ပေးရပါတယ်။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အာဟာရတွေရရှိအောင်လို့ သွား၊ သွားဖုံးနဲ့ ပါးစပ်ကပဲ ကူညီပေးရတာပါ။ မိမိစားသုံးလိုက်တဲ့အစားအစာက မိမိခန္ဓာကိုယ် ကျန်းမာရေးအတွက်သာ အရေးကြီးတာမဟုတ်ဘဲ သွားနဲ့ သွားဖုံးကျန်းမာရေးအတွက်လည်း အရေးကြီးပါသေးတယ်။

ဒါဆိုရင် သွားနဲ့ခံတွင်းကျန်းမာနေဖို့အတွက် သွားကျန်းမာရေးကို ထိခိုက်စေတဲ့ အစားအသောက် ၈ မျိုးကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ ချိုချဉ်များ

ကလေးငယ်လေးတွေက ချိုချဉ်တို့ စုပ်လုံးတို့ ကြိုက်ကြပါတယ်။ ချိုချဉ်ထဲမှာ သကြားပါဝင်မှုများပြားတဲ့အတွက်ကြောင့် သွားကျန်းမာရေးကို ကောင်းကောင်းကြီး ဒုက္ခပေးပါတော့တယ်။ မာတဲ့ချိုချဉ်တွေကို ကိုက်ဖဲ့တဲ့အခါ သွားပဲ့ခြင်း၊ သွားကြွေလွှာပျက်စီးခြင်းတို့ဖြစ်ပေါ်တတ်ပါတယ်။

၂။ ရေခဲတုံးများ

ရေခဲတုံးများက ရေကဖြစ်တာဆိုတော့ သကြားဓာတ်လည်း မပါလို့ အန္တရာယ်မရှိနိုင်ဘူးလို့ထင်နေပါသလား။ ရေခဲတုံးဟာလည်း မာတဲ့အရာဖြစ်တဲ့အတွက်ကြောင့် သွားနဲ့ကိုက်ဝါးတဲ့အခါ သွားကျန်းမာရေးကို ထိခိုက်ပါတယ်။ ဒါ့ကြောင့် ရေခဲတုံးတွေ ကိုက်စားတတ်တဲ့အကျင့်ရှိရင် ဖျောက်ဖျက်လိုက်ပါ။ ရေခဲတုံးလေးတွေက အေးမြဖို့အတွက် ကူညီပေးရုံပါပဲ၊ ကိုက်ဝါးဖို့အတွက် မဟုတ်ပါဘူး။

၃။ သံပုရာသီး၊ ရှောက်သီးများ

သံပုရာသီး၊ ရှောက်သီးမှာပါတဲ့ အက်စစ်ဓာတ်က သွားကြွေလွှာများကို တိုက်စားသွားပြီး ပျက်စီးဆွေးမြေ့စေပါတယ်။ သံပုရာရည် တစ်စက်နှစ်စက်လောက်နဲ့တင် အအေးတစ်ခွက်ကို ဖျော်နိုင်တာမို့လို့ သွားကျန်းမာရေးအတွက်ဆိုရင်တော့ သေချာစဉ်းစားဖို့လိုပါတယ်။ မိမိက ကြိုက်လို့ စားသုံးတယ်ဆိုရင်တော့ အက်စစ်ဓာတ်တွေ သွားထဲမှာ မကျန်ခဲ့အောင်လို့ ရေများများ သောက်ပေးဖို့လိုပါတယ်။

၄။ ကော်ဖီ

လူအများစုက ကော်ဖီတို့ လက်ဖက်ရည်တို့သောက်မယ်ဆို သကြားများများ၊ နို့ဆီများများ ထည့်သောက်ကြပါတယ်။ ဒါ့အပြင် ကော်ဖီထဲမှာ ပါတဲ့ကာဖိန်းဓာတ်က သင့်ခံတွင်းကိုခြောက်သွေ့စေပြီး သွားဝါခြင်းကိုလည်း ဖြစ်စေနိုင်ါတယ်။ ဒါ့ကြောင့် ကော်ဖီသောက်ပြီးတာနဲ့ ရေများများသောက်ပေးဖို့လိုပါတယ်။

၅။ ကပ်စေးစေသော အစာများ

သစ်သီးခြောက်သရေစာများက သွားကြားထဲမှာ အချိန်အတော်ကြာတဲ့အထိ ကပ်ငြိနေတတ်ကြပြီး သွားပိုးစားခြင်းကို ဖြစ်ပေါ်စေပါတယ်။ ဒါ့ကြောင့် ကပ်စေးစေးအစာတွေ စားပြီးတဲ့အခါ သေသေချာချာ ပလုတ်ကျင်းပေးပြီး အစာအကြွင်းအကျန်တွေကို ဖယ်ရှားပေးဖို့လိုအပ်ပါတယ်။

၆။ တကျွတ်ကျွတ်မြည်သော သရေစာများ

အာလူးကြော်ရဲ့ တကျွတ်ကျွတ်မြည်သံကို လူတိုင်းနှစ်သက်ကြပါတယ်။ စိတ်မကောင်းစရာကတော့ အာလူးကြော်ဟာ ကစီဓာတ်တွေနဲ့ ပြည့်နေပြီး သွားကြားထဲမှာ ကပ်ကျန်နေတတ်ပါတယ်။ သူလည်းပဲ စားပြီးတိုင်း သေချာပလုတ်ကျင်းပြီး ဖယ်ရှားပေးဖို့လိုပါတယ်။

၇။ ဆိုဒါနှင့် အားဖြည့်အချိုရည်များ

သွားပိုးတွေက ဆိုဒါတို့ အားဖြည့်အချိုရည်ထဲမှာပါတဲ့ သကြားဓာတ်ကိုအသုံးပြုပြီးတော့ အက်စစ်ဓာတ်ထုတ်ပြီး သွားကြွေလွှာကို ပျက်စီးစေပါတယ်။

၈။ အရက်သောက်သုံးခြင်း

အရက်သောက်ခြင်းက အာခံတွင်းခြောက်ပြီး ရေဓာတ်ခမ်းခြောက်မှုကိုဖြစ်ပေါ်စေပါတယ်။ အရက်အလွန်အကျွံသောက်သုံးတဲ့အခါ တံတွေး ထုတ်လုပ်မှု ကျဆင်းသွားပြီး သွားနဲ့ သွားဖုံးကို ပျက်စီးဆွေးမြည့်စေပါတယ်။

Source: www.mouthhealthy.org