တခါတလေ ကိုယ်ဘာပြောလိုက်လဲဆိုပြီး ကိုယ်ပြောလိုက်တဲ့အကြောင်းအရာတွေ မေ့သွားတတ်တာမျိုးရှိပါတယ်။

ကိုယ်စကားပြောနေရင်း ငါဘာပြောနေပါလိမ့်ဆိုပြီး ပြန်စဉ်းစားနေရပြီဆိုရင် ရေတို (Short-Term) မှတ်ဉာဏ် အားနည်းနေပါပြီ။

သင့်ရဲ့ Short-Term မှတ်ဉာဏ်ကို လေ့ကျင့်ခန်းတချို့နဲ့ အလေ့အကျင့်တချို့ကို လုပ်ဆောင်ပြီး ပြန်လည် မြှင့်တင်လို့ရပါတယ်။

လူမှာ မှတ်ဉာဏ် ၂ မျိုးရှိပါတယ်။ ဒါဟာ ရေတိုမှတ်ဉာဏ် (Short Term Memory) နဲ့ ရေရှည်မှတ်ဉာဏ် (Long Term Memory) ဖြစ်ပါတယ်။

ရေတိုမှတ်ဉာဏ်က ချက်ခြင်းရလာတဲ့ အချက်အလက်တွေကို မှတ်ယူတာဖြစ်ပါတယ်။ ဥပမာ ကိုယ်အခုမှတွေ့တဲ့လူတစ်ယောက်ရဲ့ နာမည်ကို ချက်ခြင်းမှတ်လိုက်တာမျိုးပါ။

ရေရှည်မှတ်ဉာဏ် (Long Term Memory)ကအလုပ်ကိစ္စနဲ့ပတ်သက်တာမျိုး၊ အာရုံစူးစိုက်မှုပိုလုပ်ရတဲ့ အလုပ်မျိုးတွေ ဥပမာ စာမေးပွဲတို့လို တခါတလေ ကိုယ်နေ့စဉ်လုပ်လေ့ရှိတာတွေကို မှတ်သားထားပါတယ်။

ရေတိုမှတ်ဉာဏ် (Short Term Memory) ကောင်းစေဖို့

၁။ အာရုံစူးစိုက်ပါ

တစ်ချိန်တည်းမှာ တစ်ခုတည်းဘဲ မှတ်နိုင်ပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က နာမည်ကြီးခဲ့တဲ့ အတွေးအခေါ်တစ်ခုရှိပါတယ်။ ဒါက လူတစ်ယောက်က တစ်ချိန်တည်းမှာတင် ထောင်နဲ့ချီပြီး လုပ်ဆောင်နိုင်တယ် ဆိုတာပါဘဲ။ တကယ်တော့ အဲ့ဒါမမှန်ပါဘူး။

အချိန်တစ်ခုတည်းမှာ တစ်ခါဘဲ အာရုံစိုက်ရင် ဦးနှောက်မှတ်ဉာဏ်ပိုကောင်းစေပါတယ်။

၂။ မှတ်ဉာဏ်ကောင်းစေတဲ့ ဂိမ်းတွေဆော့ပါ

ပဟေဠိတွေ၊ ဉာဏ်စမ်းဂိမ်းတွေနဲ့ တခြား ဦးနှောက်သုံးရတဲ့ ဂိမ်းတွေ များများဆော့ပေးပါ။

၃။ တခြားအာရုံတွေအားလုံးပါ သုံးပေးပါ

မှတ်ဉာဏ်တွေကို မျက်စိကိုဘဲ အသုံးပြုပြီးမှတ်သာမဟုတ်ပါဘူး။ ငယ်စဉ်ဘဝက အနံ့လေးတွေ ဥပမာ အဘွားရဲ့ ဟင်းချက်တဲ့အနံ့လေးတွေ၊ အမေရဲ့ တေးချော့တေးတွေကလည်း ကိုယ့်မှတ်ဉာဏ်ထဲမှာရှိနေပါတယ်။ ဒါတွေက အာရုံ ၆ ပါးလုံးနဲ့ မှတ်ယူခဲ့တာကြောင့်ပါ။

ဒါ့ကြောင့် ငယ်စဉ်ကလိုဘဲ အာရုံ ၆ ပါးလုံး အသုံးပြုနိုင်အောင် ကြိုးစားပါ။

၄။ အာဟာရမျှတအောင်စားပါ

နေ့စဉ်ကိုယ်စားနေတဲ့ အစားအစာတွေနဲ့ ဦးနှောက်လုပ်ဆောင်ချက်တွေက ဆက်စပ်မှုရှိပါတယ်။ Omega-3 Fatty အက်ဆစ်ပါဝင်တဲ့ အစားအစာတွေ၊ ပရိုတင်းဓာတ်ပါဝင်တဲ့ အစားအစာတွေ တို့ကိုများများစားပေးပါ။

၅။ ကောင်းကောင်းအိပ်ပါ

၃၊ ၄ နာရီလောက်ဘဲ အိပ်ထားတဲ့နေ့ဆိုရင် တစ်ခုခုကို မှတ်မိဖို့ အခက်အခဲဖြစ်နေတာကို သတိထားမိမှာပါ။

ဒါ့ကြောင့် တစ်နေ့ကို ၇ နာရီကနေ ၉ နာရီကြားအိပ်သင့်ပါတယ်။ နေ့တိုင်း ကိုယ်အိပ်နေကျအချိန်ကို အိပ်ပါ။ အဆင်ပြေရင် နေ့လယ်ခင်း တစ်ရေး အိပ်သင့်ပါတယ်။ အိပ်ရာထဲမှာ တီဗီမကြည့်ပါနဲ့။

၆။ လေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်းလုပ်ပေးရင်လည်း ရေတိုမှတ်ဉာဏ်ကို အထောက်အကူပြုပါတယ်။