လူတိုင်းလူတိုင်းကတော့ နေ့တိုင်းလိုလို အစားအသောက်တွေကိုစားနေကြတာပေါ့။ မနက်စာ နေ့လည်စာ ညစာဆိုပြီး အမျိုးမျိုးခွဲထားကြတယ်လေ။ ဒီလိုခွဲထားပြီးတော့ရော အချိန်မှန်စားရဲ့လားဆိုတာကလည်း အရေးကြီးပါတယ်။ တစ်နေ့တာမှာစားတယ်ဆိုရင်ပြီးရောဆိုပြီးတော့လည်း သတ်မှတ်ထားလို့တော့ မရဘူးပေါ့။ စားဖို့အတွက်အချိန်သတ်မှတ်ထားတယ်ဆိုတာလည်း သူ့အချိန်အတိုင်းမှန်ကန်စွာစားပေးမှ ကျန်းမာတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ရမှာပဲဖြစ်ပါတယ်။

မနက်စာ

တော်တော်များများကတော့ မနက်စာကိုနိုးတဲ့အချိန်မှာ စားလိုက်ကြတာပါပဲ။ တစ်ချို့ကျတော့လည်း အိပ်ယာထတဲ့အချိန်ကြောင့် လုပ်စရာရှိတာတွေ၊ သွားစရာရှိတာတွေမမှီတော့မှာစိုးလို့ဆိုပြီး မနက်စာစားဖို့ကို ရှောင်သွားတတ်ကြပါတယ်။ ပုံမှန်အားဖြင့် မနက်စာကိုအာဟာရပြည့်ပြည့်ဝဝနဲ့ စားပေးမှတစ်နေ့တာလုပ်ငန်းစဉ်တွေအတွက် ပင်ပန်းတာမျိုးတွေမရှိပဲ ကျော်ဖြတ်နိုင်မှာပေါ့။ မနက်စာစားပေးဖို့ အကောင်းဆုံးအချိန်ကတော့ မနက် ၇ နာရီကနေ ၈ နာရီထိဖြစ်ပြီး ၁၀ နာရီထက်တော့ နောက်ကျပြီးမစားသင့်တော့ပါဘူး။ အိပ်ရာနိုးပြီ မိနစ် ၃၀ အတွင်းမှာစားပေးဖို့လည်း လိုပါတယ်။ တစ်ညလုံးမစားထားတဲ့အခါမှာ အဆာလွန်တာတွေဖြစ်လာမှာစိုးလို့ပါနော်။

နေ့ခင်းစာ

နေ့ခင်းစာဆိုရင် ပိုလို့တောင်နောက်ကျတတ်ပါတယ်။ တစ်ချို့ကမနက်စာစားလာတဲ့ခံနေလို့ ဗိုက်မဆာဘူးဆိုပြီး မစားတာတွေ၊ အလုပ်အရမ်းရှုပ်လွန်းသွားတာကြောင့် စားဖို့နောက်ကျသွားတာမျိုးတွေရှိတတ်တော့ အချိန်မှီဖြစ်အောင် ကြိုတင်ပြင်ဆင်ထားဖို့တော့လိုပါတယ်။ နေ့ခင်းစာစားဖို့အကောင်းဆုံးအချိန်ကတော့ နေ့ခင်း ၁၂ နာရီကနေ ၂ နာရီအတွင်းပဲဖြစ်ပါတယ်။ ၄ နာရီထက်တော့နောက်ကျပြီး စားပေးဖို့မသင့်တော်ဘူးလို့ ကျန်းမာရေးနယ်ပယ်ကသူတွေ ပြောပြထားပါတယ်။ မနက်စာနဲ့ နေ့ခင်းစာက ၄ နာရီလောက်တော့ ကွာခြားနေမှသင့်တော်မှာပေါ့။

ညစာ

ဒါကလည်း အရေးကြီးတဲ့တစ်နေ့တာအစားစာပါပဲ။ တစ်ချို့တွေကတော့ ဝိတ်လျော့နေတယ်ဆိုပြီး ညစားကိုမစားပဲနေတတ်ကြပါတယ်။ ဒါကမှားယွင်းနေတဲ့နည်းလမ်းတစ်ခုပါ။ ညဘက်မှာဘာမှမစားပဲနေလိုက်တာက အစာအိမ်ကိုအချိန်မရွေး ဒုက္ခရောက်စေတာကြောင့် စားပေးဖို့ လိုအပ်ပါတယ်။ ညစာစားပေးဖို့အကောင်းဆုံးအချိန်ကတော့ ည ၆ နာရီကနေ ၉ နာရီအတွင်း စားပေးနိုင်ရင်တော့ အကောင်းဆုံးပါ။ နောက်ကျပြီးမှ စားတာကအစာချေစနစ်ကိုနှောင့်နှေးစေတာကြောင့် ရင်ပြည့်တာတွေဖြစ်စေတဲ့အပြင် ဝိတ်ချတဲ့သူတွေအတွက် ဒုက္ခ္ခရောက်စေတဲ့အချက်ကတော့ ဝိတ်ကိုပိုပြီးတော့တက်လာစေပါတယ်နော်။

Photo Source: Unsplash