အမျိုးသမီးတိုင်းဟာ ရင်သွေးလေးတွေလွယ်ထားရတဲ့အချိန်မှာ အလွန်ဂရုတစိုက်ရှိရပြီး အရာရာတိုင်းကိုလည်း သတိထားရပါတယ်။ မိခင်များသာမက ဘေးဘီဝဲယာက မိသားစုဝင်များ၊ သူငယ်ချင်းများ၊ ဆွေမျိုးများကပင် အထူးဂရုတစိုက်ရှိကြရပါတယ်။

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ တစ်ခုသတိထားရမှာက နေ့စဉ်နေ့တိုင်း ရေလုံလုံလောက်လောက်သောက်ပေးဖို့ပါပဲ။ ရိုးရိုးရေက အလွန်အကျိုးရှိတာမှန်ပေမယ့်လည်း ကိုယ်ဝန်ဆောင်နေချိန် ရေနွေးနွေးလေးသောက်ပေးခြင်းက မိခင်အတွက်သာမက ရင်သွေးလေးအတွက်ပါ အထူးကောင်းမွန်ပါတယ်။

၁။ အစာခြေလမ်းကြောင်းကို သန့်စင်ပေးခြင်း

မနက်ခင်းအချိန်မှာ ရေနွေးနွေးလေးတစ်ခွက်သောက်သုံးပေးခြင်းက အစာခြေလမ်းကြောင်းအတွက် အထူးကောင်းမွန်ပြီး ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်ပါတယ်။

၂။ ဝမ်းချုပ်မှုကို ကာကွယ်ပေးခြင်း

ကိုယ်ဝန်ဆောင်ချိန်မှာ အဖြစ်များတတ်တဲ့ ဝမ်းချုပ်မှုကိုလည်း ရေနွေးနွေးလေးသောက်ပေးခြင်းဖြင့် ကာကွယ်ပေးနိုင်ပါတယ်။

၃။ သွေးလည်ပတ်မှုတိုးတက်စေခြင်း

ရေနွေးနွေးလေးတစ်ခွက်သောက်တာက သွေးကြောများကို ကျယ်စေလို့ သွေးလည်ပတ်အားကောင်းစေကာ အအေးမိဖျားနာ၊ ရောဂါများရန်မှလည်း ကာကွယ်ဖို့အတွက် ကိုယ်ခံအားအထူးကောင်းမွန်စေနိုင်ပါတယ်။

၄။ အားအင်ဖြည့်တင်းပေးခြင်း

မောပန်းနွမ်းနယ်ပြီး အားအင်ကုန်ခမ်းတာတွေကလည်း ကိုယ်ဝန်ဆောင်ချိန်မှာဖြစ်လေ့ရှိပေမယ့်လည်း ရေကို မကြာမကြာသောက်ပေးမယ်ဆိုရင်တော့ အားအင်တွေကို ပြန်လည်ဖြည့်တင်းနိုင်မှာပါ။ ရေတစ်ခွက်ထဲမှာ သံပရာရည်အနည်းငယ်ထည့်ပေးမယ့်ဆိုရင်တော့ အကောင်းဆုံးပါပဲ။

၅။ အသက်ရှူလေပြွန်ကျန်းမာရေးကို ပိုမိုကောင်းမွန်စေခြင်း

ကိုယ်ဝန်ဆောင်နေချိန် ဖျားနာတာက ဗိုက်ထဲကရင်သွေးငယ်အတွက် လုံးဝမကောင်းလို့ ရေနွေးနွေးလေးတစ်ခွက်သောက်ပေးခြင်းက အသက်ရှူလေပြွန်ကျန်းမာရေးကို ကောင်းမွန်စေလို့ လည်ပင်းနာခြင်း၊ အအေးမိခြင်း၊ ချောင်းဆိုးခြင်း၊ ဖျားနာခြင်းတို့မှ ကင်းဝေးစေမှာဖြစ်ပါတယ်။