ဦးရေပြားခြောက်သွေ့ပြီး ဆံသားခြောက်သွေ့တဲ့သူတွေအဖို့ နည်းလမ်းကောင်းတစ်ခုကို မျှဝေပေးချင်ပါတယ်။ ဆံသား ခြောက်သွေ့ပြီဆိုရင်တော့ ဆံကေသာ ထိန်းသိမ်းရခက်ခဲခြင်း၊ ဆံပင်အဖျားနှစ်ခွဖြစ်ခြင်း၊ ကြမ်းတမ်းခြင်း၊ပျက်စီးလွယ်ခြင်းတို့ ဖြစ်တတ်ပါတယ်။

ဆံကေသာ ခြောက်သွေ့ပျက်စီးရတဲ့အကြောင်းရင်း

အဓိကအားဖြင့်တော့ ပတ်ဝန်းကျင်ကလေထုညစ်ညမ်းမှု၊ နေရောင်ခြည်ထိတွေ့မှု၊ ဖုန်နဲ့ အညစ်အကြေးတွေ၊ ရေကူးကန်မှာပါတဲ့ ကလိုရင်းတွေ၊ ဆားငန်ရေတွေဟာ သင့်ဆံကေသာကို ခြောက်သွေ့ကြမ်းတမ်းစေပါတယ်။ ဒါ့အပြင် ဆံပင်ပုံသွင်းစက်တွေ၊ ဟော်မုန်း မတည်ငြိမ်မှုတွေ၊ ကယ်လ်ဆီယမ်ဓာတ်ချို့တဲ့တာတွေကြောင့်လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။

ဆံကေသာ ခြောက်သွေ့ကြမ်းတမ်းတာကို သက်သာအောင်လုပ်လို့ရသလား

ရပါတယ်။ ခေါင်းမလျှော်ခင် ဆံပင်ကို အုန်းဆီလိမ်းပြီး ၁ နာရီလောက် ထားပေးထားကာ ခေါင်းလျှော်ချနိုင်ပါတယ်။

သံလွင်ဆီကိုလည်း သုံးနိုင်ပါတယ်။ ဆံပင်အဖျားလေးတွေကို အဆီ၊ Serum လိမ်းပေးပါ။ ခေါင်းလျှော်တိုင်းမှာ ပေါင်းဆေးသုံးပေးပါ။

သဘာဝပေါင်းတင်နည်း

ခြောက်သွေ့ပျက်စီးနေတဲ့ ဆံကေသာနဲ့ ဆံသားအရောင်မွှဲတာတွေအတွက် ပျားရည်ကို သုံးနိုင်ပါတယ်။ ပျားရည်ဟာ ဆံကေသာကို ပျော့ပြောင်း နူးညံ့စေပါတယ်။

ပျားရည် ခွက်တစ်ဝက်ကို အသုံးပြုရပါမယ်။ ဆံပင်အရမ်းခြောက်ရင်တော့ ပျားရည်နဲ့ အတူ သံလွင်ဆီကိုပါ ထည့်နိုင်ပါတယ်။

အသုံးပြုပုံကတော့ ဒီလိုပါ။

အရင်ဆုံး ဆံပင်ကို ရေစိုအောင်လုပ်ပေးပါ။ ပြီးရင်ပျားရည်လိမ်းလိုက်ပြီး ဆံပင်အရင်းကနေ အဖျားထိ နှံ့အောင်လိမ်းပေးပါ။ အဲဒီနောက် ဖြည်းဖြည်းချင်း နှိပ်နယ်ပေးပါ။ ပြီးရင် မိနစ် ၃၀ လောက်ထားပြီး ခေါင်းလျှော်ရည် ပေါင်းဆေးတို့နဲ့ ခေါင်းလျှော်လိုက်ပါ။