အမျိုးသမီးတွေတော်တော်များများက ကိုယ်ဝန်ဆောင်နေတဲ့အချိန်အတွင်းမှာ ဝက်ခြံပြဿနာတွေနဲ့ကြုံတွေ့နေရလေ့ရှိပါတယ်။ ရင်သွေးကိုလွယ်ထားရတာဖြစ်တဲ့အတွက်ကြောင့် ခန္ဓာကိုယ်မှာဟော်မုန်းတွေပြောင်းလဲလာပြီး ဝက်ခြံထွက်စေဖို့ တွန်းအားပေးနေသလို ဖြစ်လာစေတာပါ။

တစ်ချို့တွေကတော့ ထွက်လာလိုက်ပျောက်သွားလိုက်ဖြစ်ပေမယ့် တစ်ချို့တွေကျတော့လည်း ကိုယ်ဝန်ဆောင်နေချိန်တလျှောက်လုံး ဝက်ခြံတွေနဲ့ရင်ဆိုင်နေရတတ်ပါတယ်။ ဘယ်လိုနည်းလမ်းတွေနဲ့ ဖြေရှင်းကြမလဲ။

မှန်ကန်တဲ့ Skin Care တွေကိုလုပ်ပေးပါ

ကိုယ်ဝန်ဆောင်နေတဲ့အချိန်အတွင်းမှာ ထွက်လာတဲ့ ဝက်ခြံတွေကိုဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းကတော့ Skin Care လုပ်ပေးနိုင်ဖို့ပါ။ မနက်ပိုင်းမှာတစ်ကြိမ် ညဘက်မှာတစ်ကြိမ်ပုံမှန် မျက်နှာသစ်ပေးဖို့က အဓိကအချက်ဖြစ်ပြီး၊ ညစ်ပတ်တဲ့လက်တွေနဲ့ မျက်နှာကိုထိတွေ့ကိုင်တွယ်တာမျိုးတွေကို ရှောင်ကျဉ်သင့်ပါတယ်။

ရေနွေးလေးကပ်ပေးပါ

 

အပူချိန်နည်းနည်းပဲရှိနေတဲ့ ရေနွေးနွေးလေးကို သန့်စင်တဲ့အဝတ်တစ်ခုမှာစွတ်ပေးပြီး ဝက်ခြံရှိနေတဲ့နေရာတွေကို တို့ပေးဖို့လိုပါတယ်။ ရေနွေးက မျက်နှာပေါ်မှာရှိနေတဲ့ ဘက်တီးရီးယားတွေကို လျော့နည်းသွားစေပြီး ပိတ်ဆို့နေတဲ့ချွေးပေါက်တွေကိုလည်း ပြန်ပြီးပွင့်လာစေပါတယ်။

ဆနွင်းမှုန့်လိမ်းပေးပါ

ဆနွင်းမှုန့်ကတော့ ကိုယ်ဝန်ဆောင်သည်တွေအတွက် အားကိုးအားထားပြုစရာတစ်ခုလို့လည်း ဆိုလို့ရတယ်လေ။ အသားအရေကို ပြန်လည် ကြည်လင် ဝင်းပလာစေပြီး ဝက်ခြံတွေကိုလည်းကာကွယ်ကုသပေးနိုင်မှာပါ။ ဆနွင်းမှုန့်ကို ရေနဲ့ရောစပ်ပြီး ဝက်ခြံတွေရှိနေတဲ့နေရာမှာ လိမ်းထားပေးလိုက်ပါ။ အချိန်တစ်နာရီလောက်ကြာအောင် ထားထားပေးပြီးသွားရင်တော့ ရေနဲ့ပြန်လည်ဆေးကြောပေးလို့ရပါပြီ။ တစ်နေ့ကိုနှစ်ကြိမ်ပုံမှန်လေး လုပ်ပေးသွားမယ် ဆိုရင် ကိုယ်ဝန်ဆောင်သည်တွေအတွက်လည်း ဘေးထွက်ဆိုးကျိုးမရှိစေပါဘူးနော်။

အုန်းဆီ

မျက်နှာပေါ်မှာရှိနေတဲ့ ဝက်ခြံပြဿနာတွေကိုဖြေရှင်းဖို့အတွက် အုန်းဆီအစစ်လိုအပ်ပါလိမ့်မယ်နော်။ အုန်းဆီကမျက်နှာအသားအရေပေါ်မှာ ဝက်ခြံတွေဖြစ်လာစေနိုင်တဲ့ ဘက်တီးရီးယားတွေနဲ့ အရေပြားပြဿနာတွေကို ဖြေရှင်းပေးနိုင်မှာပဲဖြစ်ပါတယ်။ အုန်းဆီအစစ်ကို သန့်စင်ထားပြီးတဲ့ မျက်နှာပေါ်မှာ သေချာနှံ့စပ်အောင် လိမ်းထားပေးရမှာပါ။ တစ်နေ့ကိုနှစ်ကြိမ်လိမ်းပေးလို့ရပြီး ရေပြန်ဆေးချပေးဖို့မလိုပါဘူးနော်။